“ မြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ” အစီရင်ခံစာပါအချက်များနှင့် ၎င်းနှင့်စပ်လျဥ်း၍ Save the Children ထုတ်ပြန်ချက်တို့အပေါ်သဘောထားထုတ်ပြချက်
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်

၁။ Global Coalition to Protect Education from Attack (GCPEA) မှ ပြုစုသောမြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ (The Impacts of Attacks on Education and Military Use in Myanmar)” အစီရင်ခံစာ ထုတ်ပြန်မှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်တစ်စောင်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ရက်နေ့တွင် Save the Children အဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။

၂။  ထိုအစီရင်ခံစာထည်းတွင် ၂၀၂၁ ခုနှစ်အတွင်း ပြည်နယ်နှင့်တိုင်း (၁၃) ခုတို့တွင် စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအကြိမ် (၁၉၀) ကျော်ရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုနှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် စာသင်ကျောင်းများတွင် တပ်စွဲထားခြင်း၊ အချုပ်ခန်းအဖြစ်အသုံးပြုခြင်း၊ လက်နက်များ သိုလှောင်သိမ်းခြင်းနှင့် တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် တက္ကသိုလ်များနှင့် စာသင်ကျောင်းများကို စစ်ရေးအတွက်အသုံးချခြင်းမှ ရှောင်ကြဥ်ကြရန် တိုက်တွန်းထားသည်။ 

၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူများ၏ ပညာရေးဆိုင်ရာ အခွင့်အရေး (Right to Education) ကို ဖြည့်ဆည်းပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပါသည်။ ထိုသို့သော ပိုင်းဖြတ်မှုကို စစ်သည်တော် ကျင့်ဝတ်များတွင်သော်လည်းကောင်း၊ ကြားကာလပညာရေးအစီအမံများတွင်သော်လည်းကောင်း၊ စစ်သည်တော် ကျင့်ဝတ်များကို တင်းကျပ်စွာ လေးစားလိုက်နာကြရန်အတွက် ထုတ်ပြန်ချက်များတွင် လည်းကောင်း တွေ့ရှိနိုင်ပါသည်။ ထိုစစ်သည်တော်ကျင့်ဝတ်များတွင်ပါရှိသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှုနှင့် ပတ်သက်သည့်အပိုင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှုရှိကြောင်း အစီရင်ခံစာထည်းတွင် တွေ့ရှိရပါသည်။ 

၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအင်အားစုများ၏ စစ်သည်တော်ဖောက်ဖျက်မှုများ ကျူးလွန်ခြင်း ရှိပါက တိုင်ကြားမှုများ ပြုလုပ်နိုင်သည့်နည်းလမ်းများကို ထုတ်ပြန်ထားပြီးဖြစ်သလို၊ အရေးယူဆောင်ရွက်မှုများကို တာဝန်ယူမှုရှိရှိ ဆောင်ရွက်လျက်ရှိပါသည်။ 

၅။ အစီရင်ခံစာတွင် ဖော်ပြသည့် အကြံပြုချက်များထည်းတွင် ကျူးလွန်သူများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံတကာ တရားစီရင်ရေးစနစ်များတွင် အပြစ်ပေးအရေးယူနိုင်ရန် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ တင်သွင်းထားခဲ့ပြီး ဖြစ်ပါသည်။ 

၆။ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်သော ပညာရေးဆိုင်ရာ အခွင့်အရေး (Right to Education) ချိုးဖောက်မှုများ၊ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုများသည် စနစ်တကျ၊ ကျယ်ပြန့်ပြီး၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သော ရာဇဝတ်မှုများဖြစ်သည်ကို ပမာဏအားဖြင့်သော်လည်းကောင်း၊ နည်းနာများဖြင့်သော်လည်းကောင်း၊ အတိုင်းအတာအားဖြင့်သော်လည်းကောင်း အစီရင်ခံစာတွင်ပင် တွေ့ရှိနိုင်ပါသည်။ တော်လှန်ရေးအင်အားစုများမှ ကျူးလွန်မှုများ ရှိနိုင်သည်ကို အသိအမှတ်ပြုသော်လည်း၊ တာဝန်ခံမှုကို ဖော်ဆောင်လျက်ရှိပြီးဖြစ်သည်။ ထို့ကြောင့် မတူညီသော ကျူးလွန်မှု အတိုင်းအတာနှစ်ခုကို ထပ်တူပြုဖော်ပြခြင်းသည် အင်မတန် အန္တရာယ်များပြီး၊ မြန်မာပြည်သူများ၏ အာဏာရှင်စနစ်ကို တွန်းလှန်မှု၊ ဖက်ဒရယ် ဒီမိုကရေစီအရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ သဘောပေါက်နားလည်မှုကို လွဲမှားစေသည့် ပုံဖော်မှုဖြစ်စေသည်။ 

၇။ ထို့ကြောင့် ယခုကဲ့သို့ အရေးကြီးသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် အခြေအနေ၏ လေးနက်မှုကို ဂရုပြုလျက် အလွယ်တကူ ကောက်ချက်ဆွဲခြင်းကို ရှောင်ရှားရန် လိုအပ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဆိုင်ရာ ဖော်ဆောင်မှုများနှင့် နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများမှတဆင့် တရားမျှတမှုဖော်ဆောင်မှုများကို ပံ့ပိုးအားပေးရန် လိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန 
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

ဆက်စပ်အကြောင်းအရာများ