ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/
ထုတ်ပြန်ကြေညာချက်အမှတ် (၇ /၂၀၂၄)
၁၃၈၆ ခုနှစ်၊ တော်သလင်း လဆုတ် ၇ ရက်
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ကွပ်မျက် နေသည်ဆိုသောသတင်းများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ကွပ်မျက်မှုကို ပြန်လည်စတင်နေပြီး အင်းစိန်ထောင်တွင် မတရားဖမ်းဆီးခံထားရသည့် အခြားတက်ကြွ လှုပ်ရှားသူများအတွက် သေဒဏ်ပေးစီရင်ခံရမည့် အန္တရာယ်များရှိနေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် စိုးရိမ်မိပါသည်။
ယခုကဲ့သို့ ကွပ်မျက်မှုများကို ပြန်လည်စတင်လာပါက ထိုလုပ်ဆောင်ချက်သည် တရားဥပဒေ လုပ်ထုံး၊ လုပ်နည်းများအတိုင်း ကာကွယ်ပေးခြင်းနှင့် တရားမျှတမှု ရရှိစေခြင်း တို့အပေါ် စိန်ခေါ်နေသည့် တံခါးပိတ် တရားစီရင်ရေး ဖြစ်ပြီး ပြည်သူကို ကြောက်ရွံ့ထိတ်လန့်အောင် ရည်ရွည်လုပ်ဆောင်မှုအား ပြန်လည်စတင်လိုက်ခြင်း ပင်ဖြစ်သည်။
၂၀၂၂ နှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို အကြမ်းဖက်စစ်တပ်က သေဒဏ်ပေး ကွပ်မျက်ခဲ့သည်။ ထိုပုဂ္ဂိုလ်များသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း စစ်တပ်တရားစီရင်ရေးတွင် ပထမဦးဆုံး ကြိုးပေးခံရသူများ ဖြစ်ကြသည်။
ယခုကဲ့သို့ သတ်ဖြတ်မှုများသည် အမှန်စင်စစ်ဆိုရလျှင် အပြစ်ပေးကွပ်မျက်မှုမဟုတ်။ ထောင်တွင်း လူသတ်မှုသာ ဖြစ်သည်။
၎င်းသေဒဏ်ပေးစီရင်ခြင်းသည် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က တရားမျှတသော တရားစီရင်မှု၏ အခြေခံလိုအပ်ချက်များနှင့် မကိုက်ညီသည့်အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှု သို့မဟုတ် စစ်ရာဇ၀တ်မှုများ တခုခုနှင့်ဖြစ်စေ နှစ်ခုစလုံးနှင့်ဖြစ်စေ ပြစ်မှု မြောက်သည်ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာနိုင်ငံရှိ နိုင်ငံတကာသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေနှင့် အကြမ်းဖက်စစ်တပ်အား သေဒဏ်ပေးကွပ်မျက်မှုများအားလုံးကို မကျူးလွန်ရန်၊ ရပ်တန့်ရန်နှင့် မတရားဖမ်းဆီးထားသူများ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုကြရန် တိုက်တွန်းအပ်ပါသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် တက်ရောက်ဆွေးနွေးနိုင်သော မြန်မာနိုင်ငံဆိုင်ရာ တံခါးဖွင့်အစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ၏ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တရပ်ကို အမြန်ဆုံးချမှတ်နိုင်ရေးအတွက် လုံခြုံရေးကောင်စီ အနေဖြင့် ပိုမိုအားစိုက် ကြိုးပမ်းလုပ်ဆောင်ပေးရန် တိုက်တွန်းအပ်ပါသည်။
ဤနောက်ဆက်တွဲဆုံးဖြတ်ချက်၏ စာသားအသစ်တွင် အကြမ်းဖက်စစ်တပ်ထံ လက်နက်၊ ခဲယမ်းများနှင့် လေယာဉ်ဆီများ စီးဆင်းမှုကို ပိတ်ဆို့ရန်၊ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးမှုကို ထောက်ခံရန်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကြမ်းဖက်စစ်တပ်က လိုက်နာရန် ပျက်ကွက်မှုအပေါ် ပြတ်ပြတ်သားသား ရှုတ်ချရန်၊ မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးခြင်းအစီအစဥ်ကို ကောင်စီ၏ အာဂျင်ဒါအစီအစဉ်တွင် တရားဝင် ထည့်သွင်းပြီး ပုံမှန်ဆွေးနွေးသွားရန် တိုက်တွန်းအပ်သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဆက်စပ်အကြောင်းအရာများ


