အကြမ်းဖက်စစ်တပ်၏ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို မြေပြင်၊ လေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်အကျဉ်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင်ဒေသခံပြည်သူများနှင့် ဒေသခံ CDM ဆရာ၊ ဆရာမများ ဦးစီး၍ယဉ်ကျေး လိမ္မာသင်တန်းဖွင့်ကာ စာသင်နေသည့်မူလတန်းကျောင်း (ဘုန်းကြီးကျောင်း) ကို အကြမ်းဖက် စစ်ကောင်စီတပ်များက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ တွင် လေကြောင်းမှ Mi 35 နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
 
လေယာဥ် ဖြင့် ပစ်ခတ်သည့် အချိန်တွင် စာသင်ကျောင်းအတွင်း၌ စာသင်နေသည့်အချိန်ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ၄၅ မိနစ်ကြာ စာသင်ကျောင်းကို ပစ်မှတ်ထား ပစ်ခတ်ခဲ့သည်။
 
အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် အင်ပင်ကျေးရွာ မှ တံငါလုပ်ငန်း လုပ်ကိုင်နေသော သားအဖ နှစ်ဦးအနက် သားဖြစ်သူ မောင်စောမင်းဦး(ခ) မောင်ဘောကြီး သေဆုံးခဲ့ရ သည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားနေစဉ် ရွာထိပ်တွင် ရောက်ရှိနေသော ၁၆နှစ်အရွယ် မောင်အောင်အောင်ဦး သည် လေယာဥ်ဖြင့် ပစ်ခတ်ပျံသန်းနေသောကြောင့် နီးစပ်ရာတံတားအောက်သို့ ဝင်ရောက် ပုန်းခိုနေရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ခေါင်းကိုသေနတ်ဖြင့်တေ့ကာ သတ်ဖြတ်ခဲ့သည်။
ထို့အပြင် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ဝန်းအတွင်းသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက် စီးနင်းမှုကြောင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်/ကျောင်းသားများ ကျည်ထိမှန် သေဆုံးခဲ့ ရသည်။ စုစုပေါင်း ကျောင်းသား ၆ ဦး သေဆုံးခဲ့ရသည်ဟု အဆိုပါ ဖြစ်စဥ်တွင် တွေ့မြင်ခဲ့သည့် ဒေသခံ ထံမှ သိရသည်။
 
သေဆုံးခဲ့သည့် ကျောင်းသား ၆ ဦးအနက် ၃ ဦး၏ အမည်ကိုသာ သိရှိသေးပြီး၊ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။ ၎င်းတို့မှာ ဘုန်းတေဇ အသက် (၇)နှစ်၊ သုရတီလှိုင် အသက်(၇)နှစ်နှင့် ဖိုးသား အသက် (၁၄) နှစ်တို့ ဖြစ်ကြသည်။
 
ထို့ပြင် လက်ယက်ကုန်းရွာ ဒေသခံပြည်သူ (၇)ဦးသည်လည်း စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ သေဆုံးခဲ့ရသူများမှာ ဦးကျော်ထွန်း အသက် (၄၉)နှစ်၊ ဦးအောင်စောထွေး အသက် (၃၄)နှစ်၊ ဦးတင်စိုးခိုင် အသက်(၃၁)နှစ်၊ မယု အသက်(၃၇)နှစ်၊ မောင်အောင်အောင်ဦး အသက်(၁၆)နှစ်၊ မောင်အောင်ချစ်မိုး အသက်(၂၂)နှစ်၊ မောင်စောမင်းဦး (ခ) မောင်ဘောကြီး အသက် (၁၃)နှစ်တို့ဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ကျောင်းဝန်းကို ပိတ်ဆို့ထားမှုကြောင့် ကျောင်းတွင် ပိတ်မိနေသော ကျောင်းသား/ကျောင်းသူနှင့် ဆရာ/ဆရာမ ၂၀ ကျော် ကို အကြမ်းဖက်စစ် ကောင်စီတပ်၏ မြေပြင် တပ်ဖွဲ့ဝင်များက ကားများဖြင့် ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ ပြုလုပ် အကြမ်းဖက် ရုံသာမက လက်ယက်ကုန်းကျေးရွာအတွင်း နေအိမ်များ၊ ပစ္စည်းများ၊ တိရစ္ဆာန်များအား မီးရှို့ခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ဘေးအနီးဝန်းကျင်ကိုဆက်တိုက်ပစ်ခဲ့သည်။ အဆိုပါ အကြမ်းဖက် မှု ဖြစ်စဉ်ကြောင့် ဒီပဲယင်းမြို့နယ် အတွင်းရှိ ညောင်လှ၊ သစ်တုံ၊ မူးဆုံ၊ မူးခံ၊ ညောင်ကြီး ကုန်း၊ အင်ပင်၊ လက်ယက်ကုန်း ကျေးရွာများက ပြည်သူများ အသေအပျောက်ရှိပြီး ပြင်းထန် ဒဏ်ရာရမှုများလည်း ရှိကြသည်။ ယခုလက်ရှိတွင်လည်း လက်ယက်ကုန်း အနီးရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများမှာလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများရန်မှ ထွက်ပြေး တိမ်းရှောင် နေကြရသည်။
အကြမ်းဖက်စစ်တပ်/စစ်ကောင်စီအနေဖြင့် အရပ်သားပြည်သူများကိုသာမက စာသင်ကျောင်းများ၊ ကလေးသူငယ်များ အပေါ် ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ပွဲဆိုင်ရာ ပြစ်မှုများ ကျုးလွန်နေ ကြောင်းကို ယခုဖြစ်စဉ်သာမက လွန်ခဲ့သည့် ဩဂုတ်လ အတွင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊လက်ပံကျင်းကျေးရွာရှိ စာသင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့မှုများက သက်သေခံလျက်ရှိသည်။
ထို့အပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မူကြိုအရွယ် ကလေး (၈၀) ဦးအားလည်း ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းသဖွယ် ပြုလုပ်သည့် စစ်ပွဲဆိုင်ရာ ပြစ်မှုအားလည်း ကျူးလွန်ခဲ့ဖူးသည်။

ဆက်စပ်အကြောင်းအရာများ