ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ
၅၄ ကြိမ်မြောက် အစည်းအဝေး
စဉ် ၂ – မြန်မာနိုင်ငံအတွက် သီးခြားစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)
အစီရင်ခံစာတင်ပြမှုနှင့် ပတ်သက်၍ တုံ့ပြန်ဆွေးနွေးခြင်း

မြန်မာနိုင်ငံ
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်

အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သည် မြန်မာနိုင်ငံအတွက် သီးခြားစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)၏ အကြီးအကဲ မစ္စတာ နစ်ကိုလက်ကိုမီဂျန်၏ တုံ့ပြန်ဆွေးနွေးခြင်းနှင့် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် IIMM ၏ နောက်ဆုံးအစီရင်ခံစာကို ကြိုဆိုပါသည်။

“ဥပဒေကို မလိုက်နာဘဲ ထင်တိုင်းကြဲကြတဲ့သူတွေဟာ တာဝန်ခံမှုမရှိတဲ့အတွက် မြန်မာပြည်သူ တွေဟာ ဒုက္ခဆက်ရောက်နေကြတယ်” ဟု ယခင်နှစ် စက်တင်ဘာလက မစ္စတာနစ်ကိုလက် ကိုမီဂျန်က ကောင်စီကို ပြောခဲ့သည်။ တရားမဝင်သော စစ်အာဏာရှင်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများ ဖြစ်ပွားမှုနှင့် ပြင်းထန်မှုသည် မကြာသေးသော လများအတွင်း တိုးပွားလာသည်ဟု မစ္စတာကိုမီဂျန်က ယမန်နေ့က တင်ပြခဲ့ သည်။

မနှစ်က ဘာအပြောင်းအလဲ ရှိပါသနည်း။ အရပ်သားများ၏ သွေးထွက်သံယိုဖြစ်မှုများ၊ ဆင်းရဲ ဒုက္ခရောက်မှုများနှင့် အပြစ်ကျူးလွန်သောစစ်အာဏာရှင်တို့ အပြစ်ဒဏ်ကင်းလွတ်နေမှုများသာ ပိုမိုနက်ရှိုင်းထင်သာလာလျက်ရှိသည်။

IIMM ၏ အစီရင်ခံစာထဲတွင် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများသည် မျက်နှာကြမ်းကြုတ်လာသည်၊ ပိုမိုများပြားလာသည်၊ ရဲတင်းသည်ဟု ဖော်ပြထားသည်။ အရပ်သားများအပေါ် လေကြောင်းက မဆင်မခြင်ဗုံးကြဲတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် ကွပ်မျက်ခြင်း၊ ရွာလုံးကျွတ် ကျယ်ကျယ်ပြန့်ပြန့် တမင်တကာ မီးရှို့ဖျက်ဆီးခြင်း၊ ထိန်းသိမ်း ခံရသူများကို ညှဉ်းပန်းနှိပ်စက် လိင်အကြမ်းဖက်ခြင်း၊ ပြုလုပ်ခြင်း ဟူ၍ အသွင်အမျိုးမျိုး  ရှိလာသည်ဟု ဖော်ပြထားသည်။

တာဝန်ခံမှုရှိလာစေရေးအတွက် IIMM အခန်းကဏ္ဍကို ထောက်ပံ့ပေးမှုများအား အဖက်ဖက်က နေ၍ ပိုမိုအားထုတ်လုပ်ဆောင် ရမည်ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနှင့် သက်သေများနှင့် သတင်းအချက်အလက်များ လက်လှမ်းမီနိုင်ရန်အတွက်  IIMM အား လက်လှမ်းမီရယူနိုင်အောင် ခွင့်ပြုသင့်သည်။ ထို့ပြင် IIMM ၏ သက်သေအထောက်အထားကို ကမ္ဘာလုံးဆိုင်ရာ  တရားစီရင်ရေးလုပ်ထုံးလုပ်နည်းအရ တရားစွဲဆိုနိုင်ရန် အသုံးပြုသင့်သည်။ မစ္စတာကိုမီဂျန်က ” သက်သေအထောက်အထားတွေကို ပြသဖို့သက်သက်အတွက် IIMM ကို ဖန်တီးထားတာ မဟုတ်ပါဘူး။ ဒီကိစ္စရပ်တွေကို လိုလိုလားလား တရားစွဲဆိုနိုင်တဲ့ တရားရုံးတွေ၊ ခုံရုံးတွေမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုကို အားပေးဖို့ သက်သေအထောက်အထားတွေကို အသုံးပြုတဲ့အထိ ရည်ရွယ်ပါတယ်။”ဟု ဆိုပါသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ် ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်ကို  တာဝန်ခံစေရမည်ဟူသော IIMM ၏ စွဲမြဲသော ရပ်တည်ချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရက အပြည့်အဝ ထောက်ခံပါသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၊  အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နှင့် အာဂျင်တီးနား နိုင်ငံတရားရုံးတို့တွင် ဆက်လက်တရားစွဲဆိုခြင်းကို IIMM က ပံ့ပိုးပေးမည့်အတွက် မိမိတို့ အားရမိပါသည်။

မြန်မာနိုင်ငံအနေဖြင့် မျက်မြင်သက်သေများကို ဖော်ထုတ်၍ ၎င်းတို့၏ ထွက်ဆိုချက်များကို လုံခြုံစိတ်ချရသော နည်းလမ်းများဖြင့် ပံ့ပိုးပေးပို့ကာ IIMM နှင့် ဆက်လက် လက်တွဲလုပ်‌‌ဆောင် သွားမည်ဖြစ်သည်။ IIMM အနေဖြင့်  မြန်မာနိုင်ငံနယ်နမိတ်အတွင်း လက်လှမ်းမီဝင်ရောက်ပြီး အချက်အလက်များ စုံစမ်းနိုင်မည့်နည်းလမ်းများကို မိမိတို့အနေဖြင့်  အမြဲမပြတ်ရှာဖွေလျက် ရှိပါသည်။ 

အချုပ်ဆိုရလျှင် မြန်မာနိုင်ငံသည် မစ္စတာကိုမီဂျန်နှင့် IIMM အဖွဲ့ကို မြန်မာပြည်သူများအတွက် တရားမျှတမှုကို သေချာပေါက်ရရှိအောင် နှစ်နှစ်ကာကာ အားထုတ်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါသည်။ 

ဆက်စပ်အကြောင်းအရာများ

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။