Republic of the Union of Myanmar
National Unity Government
Ministry of Human Rights
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ
၅၇ ကြိမ်မြောက် အစည်းအဝေး
စဉ် ၂ – မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား ၏ အစီရင်ခံစာ တင်ပြမှုနှင့် ပတ်သက်၍ တုံ့ပြန်ဆွေးနွေးခြင်း
မြန်မာ
၁၀၊ စက်တင်ဘာလ၊ ၂၀၂၄
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား ၏ အကြီးအကဲ မစ္စတာနစ်ကိုလက် ကိုမီဂျန် နှင့် အပြန်အလှန် တုံ့ပြန်ဆွေးနွေးခြင်းနှင့် လူ့အခွင့်အရေး ကောင်စီ သို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား၏ နောက်ဆုံးအစီရင်ခံစာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက ကြိုဆို ပါသည်။
မြန်မာနိုင်ငံတွင် “မကြာခဏဆိုသလို ရက်စက်ကြမ်းကြုတ်သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ” ၏ နောက်ထပ်ဖြစ်ပွားနေသည့် နှစ်တနှစ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားရာတွင် မစ္စတာနစ်ကိုလက် ကိုမီဂျန်က အရပ်သားများသည် ထိခိုက်သေကြေ ပျက်စီးရုံသာမက အကြမ်းဖက်ရန် ရည်ရွယ်ပုံပေါ်သည့် တိုက်ခိုက်မှုများ၏ ပစ်မှတ်သဖွယ် ဖြစ်လာပြီဖြစ်ကြောင်း ကောင်စီသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား ၏ အစီရင်ခံစာ အရ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်နှင့် ရှမ်းပြည်နယ်ရှိ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများတွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ မဆင်မခြင် ဗုံးကြဲ တိုက်ခိုက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုနေမှုမှာ ပိုမိုထင်ရှား ပေါ်လွင်ပြီး အတင့်ရဲစွာ ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စု၏ အကျဉ်းသားများအား ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ လက်သည်းများကို ပလာယာဖြင့် ဆွဲထုတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုများ အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်လျက်ရှိသည်။
မစ္စတာကိုမီဂျန် ၏ တင်ပြချက်တွင် ရခိုင်ပြည်နယ်တွင်းရှိအခြေအနေများ နှင့် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် ကျေးရွာများ မီးရှို့ခံရမှုများနှင့် ပတ်သက်သော အကြောင်းအရာများကိုလည်း တင်ပြခဲ့သည်။ မစ္စတာကိုမီဂျန် က ရခိုင်ပြည်နယ်တွင်းရှိ တိုင်းရင်းသားအားလုံး ဒုက္ခရောက်နေသည်ဖြစ်သော်လည်း ရိုဟင်ဂျာ ပြည်သူများ၏ အခြေအနေသည် အထူးစိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသေးကြောင်း ပြောကြားသည်။
ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အခြေအနေများကို ရည်ညွှန်းရာတွင် “ဆယ်စုနှစ်များစွာ ဖိနှိပ်ခံရခြင်း” ဖြစ်သည်ဟု မစ္စတာကိုမီဂျန် က မှတ်ချက်ပြုသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာ ရာဇ၀တ် တရားရုံးနှင့် အာဂျင်တီးနားနိုင်ငံ ရှိ လက်ရှိတရားစွဲဆိုမှုများတွင် ပံ့ပိုးကူညီမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေး ယန္တရား ၏ ကတိကဝတ်ပြုမှုကို ထောက်ခံပါသည်။
ဘေးကင်းလုံခြုံသောနည်းလမ်းများဖြင့် သက်သေခံချက်ပေးနိုင်သော သက်သေများကို ဖော်ထုတ်ခြင်းဖြင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ယန္တရား နှင့် မြန်မာနိုင်ငံအတွက် ဆက်လက်ပြီး လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားပါမည်။
အချုပ်ဆိုရလျှင် မြန်မာနိုင်ငံသည် မစ္စတာကိုမီဂျန်နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးယန္တရားအဖွဲ့က မြန်မာပြည်သူများ အတွက် တရားမျှတမှုကို သေချာပေါက် ရရှိစေရန်အတွက် အင်တိုက်အားတိုက် ကြိုးပမ်း အားထုတ်ပေးမှုများ အတွက် ကျေးဇူးတင်ရှိ ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဆက်စပ်အကြောင်းအရာများ


