ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ
၅၄ ကြိမ်မြောက်
စဉ် ၄– လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာတင်ပြမှုနှင့် ပတ်သက်၍ တုံ့ပြန်ဆွေးနွေးခြင်း
မြန်မာနိုင်ငံ
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ တင်ပြဆွေးနွေးမှုနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာအစီရင်ခံစာ တင်သွင်းမှုကို ကြိုဆိုအပ်ပါသည်။
စစ်အာဏာရှင်များ၏ ကြောက်မက်ဖွယ်ဆိုးရွားမှုများကို ဖော်ထုတ်ရန်နှင့် ကမ္ဘာကို တွန်းအား ပေးရန်အတွက် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်နေမှုများအတွက် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့အပေါ် မြန်မာနိုင်ငံအနေဖြင့် အထူးပင် ကျေးဇူး တင်ရှိကြောင်း ထပ်မံပြောကြားလိုပါသည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက မြန်မာနိုင်ငံဆိုင်ရာ ခိုင်မာသောအစီရင်ခံစာ (၈)ခုနှင့် နောက်ဆုံးရအခြေအနေ အရပ်ရပ် များစွာကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ၎င်းအစီရင်ခံစာများတွင် အကြမ်းဖက်စစ်အုပ်စု၏ ဆိုးဝါး လှသည့်အကြမ်းဖက်မှုဆိုင်ရာ အတိုင်းအတာများကို မှတ်တမ်းတင်ပြခဲ့ပြီး ထိုအကြောင်းအရာကို မဟာမင်းကြီးကိုယ်တိုင်က “ဆိုးရွားယုတ်မာသောပုံစံဖြင့် လူမဆန်စွာပြုမူခြင်း” ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် “တပ်မတော်သည် ဆယ်စုနှစ်များစွာကြာမြင့်နေပြီးဖြစ်သော ၎င်း၏စစ်ဆင်ရေး သွင်ပြင်လက္ခဏာကို အကြီးအကျယ်ပြောင်းလဲပြီး ချိုးဖျက်မည်ဟု ယုံကြည်စရာအကြောင်းမရှိ” ဟု မဟာမင်းကြီးက နိဂုံးချုပ်ကောက်ချက်ချခဲ့သည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနများနှင့် နိုင်ငံတကာအသိုက်အဝန်းတို့သည် အကြမ်းဖက် စစ်အုပ်စု၏ ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ကောက်ချက်ချခံရမည့်အန္တရာယ် ရှိနေကြောင်းကို အထူးသဘောပေါက် နားလည်ရန်လိုအပ်သည်။ ဆိုးရွားပြင်းထန်သော မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ များ ပေးပို့မှုအား ပိတ်ပင်လိုက်သော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် “အသက် ကယ်ဆယ်ရေးအကူအညီများ အလွန်အမင်းလိုအပ်နေသည့် မုန်တိုင်းခံလူဦးရေ၏ သာယာ ဝပြောရေးအပေါ် အလေးမထားဘဲ ၎င်း၏နိုင်ငံရေးအကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင် နေခြင်း” ဖြစ်ကြောင်း ထင်ရှားသော သာဓက တစ်ခုဖြစ်သည်။
မဟာမင်းကြီးရုံး၏ အစီရင်ခံစာသစ်တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု များ၊ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်းတို့ကို ဖော်ပြထားသည်။ ၂၀၂၃ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့သော ပဇီကြီးကျေးရွာဖြစ်စဥ်အပေါ် စုံစမ်းစစ်ဆေးမှု တခုအရ “လေထုအတွင်း မပေါက်ကွဲမီ လေထဲတွင် ပေါက်ကွဲစေရန် ဒီဇိုင်းထုတ်ထားသည့် အပူချိန် သို့မဟုတ် လောင်စာ-လေထု ဖောက်ခွဲရေးလက်နက်မျိုးကို အသုံးပြုထားကြောင်း” တွေ့ရှိခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် “မီးလောင်ကျွမ်းထားသော အလောင်းများ၊ ဆိုးရွားစွာပျက်စီးနေသော ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းများနေရာအနှံ့ ပြန့်ကျဲနေခဲ့သည်” ဟုဆိုသည်။
ထိုအစီရင်ခံစာတွင် ဖော်ပြထားသော မြေပြင်စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်အုပ်စု၏ သတ်ဖြတ်မှုများမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလှသည်။
အကြမ်းဖက်စစ်အုပ်စုသည် အရှင်လတ်လတ် မီးရှို့ခြင်း၊ အပိုင်းပိုင်းဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ ဓားဖြင့်အကြိမ်ကြိမ်ထိုးသွင်းခြင်း၊ လူမဆန်စွာရိုက်နှက်ခြင်း၊ တိုက်ခိုက်မှု များနှင့် မြေမြုပ်မိုင်းများမှ ကာကွယ်နိုင်ရန် လူသားဒိုင်းအဖြစ်စေခိုင်းခြင်းစသည့် ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ နည်းလမ်းများကို ရွေးချယ်အသုံးပြုခဲ့ကြောင်း မျက်မြင်သက်သေများနှင့် ဓာတ်ပုံအထောက်အထားများက ဖော်ပြနေသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် မိသားစုတစုလုံးကို သတ်ဖြတ်မှုများကျူးလွန်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်သည် သေဆုံးသူများ၏ အလောင်းများကို မီးရှို့ပစ်ခြင်းဖြင့် သက်သေအထောက်အထားများကို ဖျောက်ဖျက်လေ့ရှိသကဲ့သို့ တွေ့ရှိသူများကို ထိတ်လန့်စေရန်ရည်ရွယ်၍ ခေါင်းဖြတ်ထားသော သို့မဟုတ် ညှဥ်းပန်းနှိပ်စက်ထားသော အလောင်းများကို ပြသထားတတ်သည်။
မဟာမင်းကြီးပြောဆိုထားသည့် အချက်အလက်များသည် မှန်ကန်ပါသည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအပေါ် ကာကွယ်ရန်တာဝန်ရှိပြီး အချိန်မနှောင်းရန် အထူးလိုအပ်လှပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့သောဆုံးဖြတ်ချက်အမှတ် (၂၆၆၉) တနှစ်ပြည့်အချိန် အခါတွင် နောက်ဆက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရန် အတွက် အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုမှုများကို နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အလျင်အမြန် ဖော်ဆောင်ရန်လိုအပ်နေပြီဖြစ်သည်။ နောက်ထပ်ထွက်ပေါ်လာမည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အသစ်သည် ကောင်စီ၏တောင်းဆိုချက်များကို လုံးဝ ဂရုမစိုက်ဘဲ လုံး၀ လျစ်လျုရှု့နေသည့် အကြမ်းဖက်စစ်အုပ်စုကို တာဝန်ခံမှုဖြစ်အောင် လုပ်ဆောင်ရန်နှင့် မဟာမင်းကြီးက ထပ်ခါတလဲလဲ တောင်းဆိုနေသော မြန်မာနိုင်ငံအခြေအနေ အား နိုင်ငံတကာရာဇ၀တ်တရားရုံးသို့ လွှဲပြောင်းပေးရန် ဖြစ်ရမည်ဖြစ်သည်။
၎င်းမဟာမင်းကြီးရုံး၏ အစီရင်ခံစာတွင် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နေသော အဖွဲ့အစည်းများ၏ ချိုးဖောက်မှုများကိုလည်း ဖော်ပြထားပါသည်။ ထိုအင်အားစုတို့၏ ကျူးလွန်မှုအတိုင်းအတာနှင့်ပြင်းထန်မှုသည် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ချိုးဖောက်မှုများနှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်း ရှင်းလင်းထားသည်ကို တွေ့ရသည်။ နိုင်ငံတကာ ဥပဒေနှင့်စံချိန်စံညွှန်းများကို မည်သည့်အဖွဲ့အစည်းကမှ ချိုးဖောက်ခြင်းကို လက်မခံနိုင် ကြောင်းနှင့် ကျူးလွန်မှုများအား စုံစမ်းစစ်ဆေးရန်နှင့် တာဝန်ခံမှုရှိရန် တောင်းဆိုထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုသည့် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေများအရ အထူးသဖြင့် အရပ်သားများ ကာကွယ်ရေးနှင့် သက်ဆိုင်သည့်စံနှုန်းများအရ အစိုးရ၏တာဝန် ရှိမှုများကို ထမ်းဆောင်သွားရန် အပြည့်အဝ ကတိပြုအပ်ပါသည်။
ထို့အပြင် ရိုဟင်ဂျာများအပေါ် ပြင်းထန်စွာ ခွဲခြားဆက်ဆံခြင်း၊ ပစ်ပယ်ခြင်းနှင့် ရက်စက် ကြမ်းကြုတ်ခြင်းများ၏ မူလဇစ်မြစ်ကိုဖြေရှင်းရန်နှင့် နေရပ်မှထွက်ခွာတိမ်းရှောင်နေရသော ရိုဟင်ဂျာများအပါအဝင် အခြားပြည်သူများအနေဖြင့် မိမိဆန္ဒအလျောက် လုံခြုံစိတ်ချရပြီး သိက္ခာရှိရှိနှင့် တည်တံ့မှုရှိသော နည်းလမ်းများဖြင့် နေရပ်သို့ ပြန်လည်ဆောင်ကျဉ်းပေးနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် ကတိပြုပါသည်။
မဟာမင်းကြီး၏ အစီရင်ခံစာပါ အကြံပြုချက်များကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံအပ်ပါ သည်။ မြန်မာနိုင်ငံအတွင်း မဟာမင်းကြီးရုံးဖွင့်လှစ် လုပ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းမှုများ အပါအဝင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေး ကိုယ်စားလှယ်နှင့် အခြားလုပ်ပိုင်ခွင့်ကိုင်ဆောင် ထားသူများ၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော အချက်အလက်စုံစမ်းရေးယန္တရား အပါအဝင် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအလိုက် တာဝန်ခံမှု ယန္တရားများနှင့် တူညီသောစိတ်ဓာတ် အပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်စပ်အကြောင်းအရာများ


