ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ

၅၅ ကြိမ်မြောက် အစည်းအဝေး

စဉ် – မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အပေါ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် အပြန်အလှန်ဆွေးနွေးမှု

 

မြန်မာနိုင်ငံ

၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်နှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု အပြင် လူ့အခွင့်အရေးကောင်စီသို့ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာကို ကြိုဆိုပါသည်။  

အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် အထူးကိုယ်စားလှယ်ကို ကျေးဇူးအထူးတင်ရှိလျက် ၎င်း၏ခန့်အပ် တာဝန်ပေးမှုအား ဆက်လက်တိုးချဲ့ရန် အပြည့်အဝထောက်ခံပါသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံသို့ အထူးကိုယ်စားလှယ်အနေဖြင့် အောက်ပါအတိုင်း ရှင်းလင်းပြတ်သားစွာ တင်ပြခဲ့သည်။ မြန်မာနိုင်ငံပြည်သူတွေ၏ သတ္တိနှင့် ဇွဲလုံ့လကြောင့် အခြေအနေကောင်းများဘက်သို့ ဦးတက်နေလျက်ရှိသည်။ တရားမ၀င်စစ်အာဏာရှင် များသည် စစ်မျက်နှာတိုင်းတွင် ဆုံးရှုံးခြင်းအပြင် နယ်မြေ၊ အခြေစိုက်စခန်း၊ တပ်ဖွဲ့များနှင့် စိတ်ဓာတ်ရေးရာဆုံးရှုံးမှုများကို ရင်ဆိုင်နေရပြီး တရားဝင်မှုအတွက် ၎င်းတို့ အချည်းနှီး တောင်းဆိုမှုများလည်း ဆုံးရှုံးခြင်းသို့ ရောက်ရှိနေပြီဖြစ်သည်ဟူသည့် အချက်များပင်ဖြစ်သည်။

 သို့သော်လည်း အကြမ်းဖက်စစ်အုပ်စုသည် အရှုံးကို လက်ခံရမည်ထက် မြန်မာနိုင်ငံကို ဖျက်ဆီးရေးကိုသာ ရွေးချယ်မည်ဖြစ်ရာ ထိုလမ်းစဉ်အတိုင်းပင် ဆက်လက်လျှောက်လှမ်း လျက်ရှိသည်။ အထူးကိုယ်စားလှယ်က ကောင်စီတွင် တင်ပြခဲ့သည့်အတိုင်းပင် အရပ်သားများ အပေါ် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် ပြီးခဲ့သည့်လများအတွင်း ငါးဆတိုးလာခဲ့ပြီး လူဦးရေသုံးသန်းနီးပါးကို နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ အကြမ်းဖက် စစ်အုပ်စုက ဆင်းရဲဒုက္ခများကို လက်နက်သဖွယ်အသုံးချ ဖိနှိပ်မှုမြင့်တက်လာခြင်းကြောင့် ကလေးသူငယ် (၆) သန်းအပါအဝင် ပြည်သူ (၁၉) သန်း နီးပါးကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီ လိုအပ်ချက်အတွင်းသို့ တွန်းပို့ခဲ့သည်။ 

ယခုအခါတွင် အကြမ်းဖက်စစ်အုပ်စုသည် လူငယ်အမျိုးသမီး၊ အမျိုးသားများကို အတင်းအကြပ် စစ်မှုထမ်းခေါ်ယူလျက် ကိုယ့်ပြည်သူကိုယ် သတ်ဖြတ်ရန် ကြိုးစားနေသည့် ကြောက်မယ်ဖွယ် စစ်အတွင်းသို့ တွန်းပို့ရန် ကြိုးပမ်းလျက်ရှိရာ လူငယ်များအနေဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းနှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များသို့ သွားရောက် ပူးပေါင်းခြင်းတို့ ဖြစ်ပေါ်စေမည်ဖြစ်ပြီး အကြမ်းဖက်မှုများနှင့် လူဦးရေအမြောက်အမြား ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်စေရန် စတင်လိုက်သည့်သဖွယ်ဖြစ်သည်။ ဤကဲ့သို့ စုပေါင်းပြစ်ဒဏ်ပေးမှုလုပ်ရပ်က မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေခြင်းဖြစ်သည်။ 

ရခိုင်ပြည်နယ်တွင် တကျော့ပြန် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး အထူးကိုယ်စားလှယ်နှင့်   လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Türk က “အရေးတကြီး အချက်ပေး ခေါင်းလောင်းတီး” သည့်အနေဖြင့် အတော်မသတ်နိုင်သည့် အကြမ်းဖက်မှုများက ဝန်းရံပိတ်ဆို့မှု၊ တရစပ်ဗုံးကြဲမှုများ ခံစားနေရသော ရိုဟင်ဂျာ အသိုက်အဝန်းကို ခြိမ်းခြောက် နေသည့် ဖိနှိပ်ရှင်းလင်းရန် ကြိုးပမ်းမှုများ အသစ်များ ဖြစ်ပေါ်လာနေသည်ဟု ထောက်ပြခဲ့သည်။ 

ဤရက်စက်ယုတ်မာမှု အခြေအနေများ မြင့်တက်လာမှုသည် မြန်မာနိုင်ငံအတွင်းတွင်သာမက “ဒေသတွင်းနှင့် ကမ္ဘာတရပ်လုံး” ကို အကျိုးသက်ရောက်မှုရှိသည်။ သို့သော်လည်း အထူးကိုယ်စားလှယ်က နိဂုံးချုပ်အနေဖြင့် “(မြန်မာနိုင်ငံတွင်း) ဖြစ်ပျက်နေမှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုဟာ အလုပ်မဖြစ်ပါဘူး။ အလျှော့ပေးညှိနှိုင်းဖို့ ကြိုးစားတာက အလုပ်မဖြစ်ပါဘူး။ အခြေခံတောင်းဆိုချက်မရှိပဲ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာက အလုပ်မဖြစ်ပါဘူး” ဟု ထည့်သွင်း ပြောကြားခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတကာအသိုက်အဝန်း၏ အသစ်ပြန်လည် ပြင်ဆင်ထားသော၊ ခိုင်မာပြတ်သားမှုရှိသော ချဉ်းကပ်မှုတစ်ခုဖော်ထုတ်ရန် အထူးကိုယ်စားလှယ်၏ တွန်းအားပေး တောင်းဆိုမှုကို အပြည့်အဝ ထောက်ခံပါသည်။ ၎င်းတို့အနက် အထူးကိုယ်စားလှယ်၏ အောက်ပါ တောင်းဆိုမှု များကိုလည်း ထောက်ခံပါသည် –

၁။ အကြမ်းဖက်စစ်အုပ်စု၏ “လူသတ်ပွဲကို လက်နက်နှင့် ဝင်ငွေကို ငြင်းပယ်ခြင်းဖြင့်” ချက်ချင်းရပ်တန့်စေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ချက်ချင်းဆောင်ရွက်ရန်၊  အဆိုပါ လုပ်ဆောင်ချက်ကို အားဖြည့်ရန်အတွက် အဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေ အနေနဲ့ “စစ်အစိုးရကို သီးခြားခွဲထုတ်ပြီး မြန်မာပြည်သူလူထုကို ကာကွယ်နိုင်ရန် အတွက် ညှိနှိုင်းမှုရှိသည့် ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှု မဟာဗျူဟာကို ချမှတ် သင့်သည်။”

၂။ ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် အရေးတကြီး လိုအပ်နေသူများနှင့် အကူအညီရရှိမှု မရှိသလောက် နည်းပါးနေသည့် ဒေသများသို့  လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ “လျင်မြန်ထိရောက်စွာ” ပေးပို့နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အရပ်ဘက်လူထု အဖွဲ့အစည်းများပါဝင်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ မဟာဗျူဟာ ဆိုင်ရာအသစ်၊ 

၃။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရန်နှင့် တာဝန်ခံမှု ရှိစေရန်အတွက် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရဲ့အခြေအနေကို ရောမသဘောတူစာချုပ်၊ ပုဒ်မ (၁၄) အရ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တရားရုံး၏ တရားစွဲအရာရှိမှတဆင့် ပေးပို့ပြီး ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခြင်း 

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုမှတဆင့် မြန်မာ နိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် ပိုမိုတိုးမြှင့်ပံ့ပိုးကူရန်၊​ အထူးကိုယ်စားလှယ်၏ ပြောကြားချက်တွင်  “ငြိမ်းချမ်းရေးလမ်းစဉ်အဖြစ် လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို ကတိက ဝတ်ပြုမှုများကို အာမခံသည့်မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော ပြည်သူလူထုကို လွှမ်းခြုံကိုယ်စားပြုနိုင်သော နိုင်ငံရေးမူဘောင်ကို တည်ဆောက် ကြသူများကို”  ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထောက်ခံသင့်သည်ဟု ဖော်ပြခဲ့သည်။ 

အထူးကိုယ်စားလှယ်က ၎င်း၏ တာဝန်အပေါ်တွင်လည်းကောင်း၊ မြန်မာပြည်သူလူထု အပေါ်တွင်လည်းကောင်း မရပ်မနား အားထုတ်ကြိုးပမ်းလျက်ရှိသည်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းမှတ်တမ်းတင်အပ်ပါသည်။

ဆက်စပ်အကြောင်းအရာများ

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။