ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၅၁ ကြိမ်မြောက်အစည်းအဝေး
အကြောင်းအရာ ၂ – မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးခြင်း 
မြန်မာ 
စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) ၏ အကြီးအကဲ Mr. Nicholas Koumjian နှင့် အပြန်အလှန်ဆွေးနွေးခြင်းနှင့်တကွ IIMM ၏ လူ့အခွင့်အရေးကောင်စီသို့ မကြာသေးမီက တင်သွင်းခဲ့သော အစီရင်ခံစာကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

Mr. Koumjian ၏ မှတ်ချက်သည် မြန်မာနိုင်ငံအခြေအနေကို ကောင်းစွာထင်ဟပ်ပြသခဲ့သည်။ တရားမဝင် အာဏာသိမ်းစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများကို ပိုမိုတိုးမြှင့်ကျူးလွန်လာချိန်တွင် တရားဥပဒေ‌ပျောက်ဆုံးမှုအတွက် ဆန့်ကျင်နေကြသော မြန်မာပြည်သူများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု များ ပျောက်ဆုံးနေလျက်ရှိသည်။ 

၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်အတွင်းက အာဏာသိမ်းစစ်တပ်၏ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ်  ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို IIMM အနေဖြင့် ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးနေခြင်းများအား မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာ ထောက်ခံပါသည်။ Mr. Koumjian အစီရင်ခံတင်ပြခဲ့သည့်အတိုင်း ငါးနှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြောက်များစွာသော ရိုဟင်ဂျာများသည် “လုံခြုံဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ ၄င်းတို့နေရပ်သို့ပြန်နိုင်မည့်် အခြေအနေများကို အိမ်နီးချင်းတိုင်းပြည်များမှ စောင့်မျှော်လျှက် ရှိပါသည်။

အာဏာသိမ်းစစ်အုပ်စုမှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ပတ်သက်သည့် သက်သေ အထောက်အထားများအား ရှာဖွေစုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်းကို အဓိကထားလုပ်ဆောင်နေသည့် IIMM ၏ ကြိုးပမ်းအားထုတ်မှုကိုလည်း မြန်မာနိုင်ငံအနေဖြင့် ထောက်ခံပါသည်။ ယန္တရား၏ တင်ပြချက်များအရ လုံလောက်သော အထောက်အထားများကို တွေ့ရပါသည်။

မြန်မာနိုင်ငံတွင် အတိုင်းအတာတစ်ခုထိ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှာ အရပ်သားများအား စနစ်တကျ ကျယ်ကျယ်ပြန်ပြန့် တိုက်ခိုက်ခြင်းများဖြစ်သည်။ စုဆောင်းရရှိထားသည့် သက်သေ အထောက်အထားများက ရာဇဝတ်များသည် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ နိုင်ငံမှနှင်ထုတ်ခြင်းနှင့် အတင်းအဓမ္မပြောင်းရွှေ့စေမှု၊ မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ဖမ်းဆီးနှိပ်စက် ထောင်သွင်းအကျဉ်းချခြင်းများကို ကျူးလွန်ခဲ့ကြောင်း ညွှန်ပြလျှက်ရှိသည်။

IIMM ၏ အစီရင်ခံစာက အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကိုလည်း ထည့်သွင်း မှတ်တမ်းတင်ထားပါသည်။

ထိုစစ်ရာဇဝတ်မှုများမှာ ‘အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ သို့မဟုတ် စစ်မက်ပြု တိုက်ခိုက်ခြင်းများတွင် မပါဝင်လိုသော အရပ်သားများအား တိုက်ခိုက်ခြင်း၊ ရန်လိုတိုက်ခိုက်မှုများတွင် တက်တက်ကြွကြွ မပါဝင်လိုသော လူပုဂ္ဂိုလ်များအား အကြမ်းဖက်ခြင်းများ၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူညှဉ်းပန်းနှိပ်စက်ခြင်း၊ ပုံမှန်ဖွဲ့စည်းထားသော တရားရုံး၏ ချမှတ်ထားသောစီရင်ချက်မပါပဲ သေဒဏ်ပေးခြင်းနှင့် အရပ်သားပြည်သူများအား အတင်းအဓမ္မ ပြောင်းရွှေ့စေခြင်း’တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ‘ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့သည့် ကျေးရွာများနှင့် မြို့များအား မီးရှို့ဖျက်စီးခြင်းနှင့် အရပ်သားများအား ခွဲခြားခြင်းမရှိဘဲ သို့မဟုတ် ပစ်မှတ်ထား သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် အဓိကျသော သက်သေအထောက်အထားများကိုလည်း’ ယန္တရားအနေဖြင့် စုဆောင်းကောက်ယူခဲ့ပါသည်။

သုံးနှစ်တာရှာဖွေစုဆောင်းမှုမှ IIMM အနေဖြင့် ‘အင်တာဗျူး ထွက်ဆိုချက်များ၊ မှတ်တမ်းများ၊ ဗီဒီယိုများ ၊ ဓါတ်ပုံများ၊ ပထဝီဆိုင်ရာ အတိုင်းအတာပုံရိပ်များ နှင့် ဆိုရှယ်မီဒီယာဆိုင်ရာ အချက်အလက်များ” အပါအဝင် သတင်းအချက်အလက် သုံးသန်းနီးပါးကို စုဆောင်းကောက်ယူနိုင်ခဲ့ပြီးဖြစ်ပါသည်။ 

တရားစွဲဆိုခြင်း အထောက်အပံ့အနေဖြင့် တရားရေးအာဏာပိုင်များအတွက် အထောက်အထားနှင့် ခွဲခြမ်းစိတ်ဖြာထားသော အချက်အလက်စုစည်းမှု (၆၇) ခုကို  ယန္တရားအနေဖြင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အရ စွဲဆိုထားသည့် ဂမ်ဘီယာနှင့် မြန်မာအမူအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တို့အပြင် စစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို စစ်ဆေးလျှက်ရှိသည့် အာဂျင်တီးနား တရားရေးအာဏာပိုင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေလျှက် ရှိပါသည်။

IIMM မှ မည်သို့ပင် ကြိုးပမ်းအားထုတ်နေသော်လည်း အာဏာသိမ်းစစ်အုပ်စုက ပစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်ရရှိနေပြီး ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ရသည့် ကျူးလွန်ခံရသူများအပါအဝင် အဓမ္မပြောင်းရွှေ့ရန် စေခိုင်းခံခဲ့ရသူများမှာ အမေ့အလျော့ခံနေရပြီး တရားမျှတမှုနှင့် ကျေလည်အောင် ပေးဆပ်မှုမရရှိနိုင်ပဲ ဖြစ်နေပါသည်။ ရိုဟင်ဂျာများ၏ လုံခြုံဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆွေးနွေးရာတွင် ‘အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းအား အဆုံးသတ်စေဖို့အတွက် အခြေအနေတွေအများကြီး လုပ်ဆောင်သွားဖို့လိုပါတယ်” ဟု Mr. Koumjian က ပြောကြားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုသော မြန်မာနိုင်ငံအနေဖြင့် အချက်အလက်များမျှဝေခြင်း၊ ပြန်လည်နာကျင်စေမှုအနည်းဆုံးနှင့် လုံခြုံဘေးကင်းသောနည်းလမ်းများဖြင့် သက်သေခံချက်ပေးနိုင်သော သက်သေများအား ခွဲခြားသတ်မှတ်နိုင်စေရေးများအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏မိတ်ဖက် တိုင်းရင်းသားအဖွဲ့အစည်းများပူးပေါင်း၍  မြေပြင်စုံစမ်းစစ်ဆေးမှုများ အဆင်ပြေစေရေးအပါအဝင် IIMM အနေဖြင့် မြန်မာနိုင်ငံပိုက်နက်အတွင်းသို့ ဝင်ရောက်စုံစမ်းနိုင်စေရေးအတွက်  လေ့လာဆောင်ရွက်သွားမည်ဖြစ်သည်။ 

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ICC နှင့် ICJ တို့ဖြင့် ပူးပေါင်း၍ နိုင်ငံတကာ တာဝန်ခံမှု အတွက် ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ၎င်းတို့၏ပြည်တွင်းတရားရုံးများတွင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Juridiction) ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

IIMM ၏ အစီရင်ခံစာသည် နိုင်ငံတကာအသိုင်းအဝိုင်းအား ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်ရန်၊ ကျူးလွန်သူများကို အပြစ်ပေးရန်၊ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးရန်အတွက် နောက်ထပ် လှုပ်နှိုးလိုက်ခြင်းပင်ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ကြန့်ကြာနေမှုအပါအဝင် နိုင်ငံတကာ၏ အရေးယူမှုများ ဆက်လက်နှောင့်နှေး‌နေပါက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကျူးလွန်သူများအား စုံစမ်း၍ တရားစီရင်နိုင်စေရေးအတွက် IIMM ၏ သက်သေအထောက်အထားများကို အသုံးပြုနိုင်စေရေးအတွက် အထူးခုံရုံး သို့မဟုတ် အထူးတရားစီရင်ပိုင်ခွင့်အတွက် လေ့လာ ဆောင်ရွက်သင့်သည်။ အခြားသောအဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးပေးမှုသည် ယန္တရား၏ ကြိုးပမ်းအားထုတ်မှု အောင်မြင်ရေးအတွက် အဆုံးအဖြတ်ပေးသည့် အခရာကျသော အချက်တစ်ခုပင် ဖြစ်သည်။

ဆက်စပ်အကြောင်းအရာများ