ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
https://mohr.nugmyanmar.org

ထုတ်ပြန်ကြေငြာချက်အမှတ်(၂၁/၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော်လဆုတ် ၃ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)
၂၀၂၂ ခုနှစ် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် လူ့အခွင့်အရေးနေ့ကို ကမ္ဘာ့နိုင်ငံများအသီးသီးနှင့်အတူ အထိမ်းအမှတ်ပြုအပ်ပါသည်။ 

၂။ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “လူသားတိုင်းအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု” ဟူသည် ကျွန်ုပ်တို့အတွက် အင်မတန်အနှစ်သာရရှိသော ဆောင်ပုဒ်တစ်ခုပင် ဖြစ်ပါသည်။ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့သည် တော်လှန်ရေး၏ နှလုံးသည်းပွတ်လည်း ဖြစ်ပါသည်။ မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ နေ့စဉ် ကြံ့ကြံ့ခံ ရပ်တည်မှုများ၊ တွန်းလှန်မှုများမှသည် မည်သူမဆို ရရှိအပ်သော အဆိုပါ အခွင့်အရေးများကို တောင်းဆိုခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်လျက်ရှိကြပါသည်။ 

၃။ ထိုတောင်းဆို တုံ့ပြန်မှုများအတွက်လည်း ဆက်လက်၍ အဆုံးစွန်ဆုံး ပေးဆပ်ပါဝင်နေကြ လျက်ရှိသည်။ ၂၂ လ ကျော်ကြာမြင့်သည့် ကာလအတွင်း တရားမဝင် စစ်အုပ်စုသည် ကျွန်ုပ်တို့၏ ကျေးရွာများကို ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများ ပြုခဲ့ကြသည်။ ကျွန်ုပ်တို့၏ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို တရားဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့ကြသည်။ လူငယ်များကို မတရား ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ အစားအစာ မရရှိအောင် ဖြတ်တောက်ခြင်းများပြုခဲ့ပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးကြရစေခဲ့သည်။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်အုပ်စု၏ တံခါးပိတ်တရားရုံးက တက္ကသိုလ်ကျောင်းသား လူငယ် ၇ ဦးကို သေဒဏ်ချခဲ့ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပင် အံ့သြတုန်လှုပ်၊ ရှုတ်ချခဲ့ရပြီးဖြစ်သည်။ 

၄။ ကျွန်ုပ်တို့၏ တွန်းလှန်တိုက်ပွဲဝင်နေကြသည့်နည်းတူ အီရန်နှင့် ယူကရိန်းတို့မှ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများသည်လည်း အခြေခံအခွင့်အရေးများအတွက် အလားတူ ပေးဆပ်မှုများဖြင့် တိုက်ပွဲဝင်လျက် ရှိနေကြသည်။ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့သည် ကျွန်ုပ်တို့အတွက် ဆောင်ပုဒ်မျှသာလျှင်မဟုတ်၊ အသက်ရှုအပ်သော လေကဲ့သို့ပင်လျှင် မရှိမဖြစ် လိုအပ်လှပေသည်။

၅။ ဂုဏ်သိက္ခာသည် လေးစားမှု၊ အသိအမှတ်ပြုမှုနှင့် တန်းတူညီမျှမှုကို ကိုယ်စားပြုပါသည်။ လူမျိုး၊ လူမျိုးစု၊ ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ လူမှုဇာစ်မြစ်၊ လိင်စိတ်ခံယူမှု၊ ဂျန်ဒါ သို့မဟုတ် စီးပွားရေး အခြေအနေ စသည်တို့အပေါ် ခွဲခြားမှုမရှိပဲ အခွင့်အရေးများနှင့် ဝန်ဆောင်မှုများ ရရှိနိုင်ရေးမှာ လူသားတစ်ဦးစီ၏ ပြည့်ဝသော ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တစ်ခုဖြစ်သည်။

၆။ လွတ်လပ်မှုဟူသည် လူသားတစ်ဦးစီ၏ ကိုယ်စီ မျှော်ရည်ချက်များ၊ ထုတ်ဖော်တင်ပြချက်များ၊ တီထွင်ဆန်းသစ်မှုများသည် အများသူငါ နှီးနှောဆက်ဆံမှုများ အကြားတွင် အကာအကွယ်ပေး ခြင်းနှင့် လက်ခံဂုဏ်ယူအပ်ခြင်းပင်ဖြစ်သည်။ 

၇။ တရားမျှတမှုမှတဆင့် တန်းတူအခွင့်အရေးများနှင့် ထိခိုက်နစ်နာမှုများအတွက် ကုစားမှုများကို အာမခံချက်ပေးသည်။ ထိုအာမခံချက်များကို လူနည်းစုများကို အကာအကွယ်ပေးအပ်သော၊ အကျင့်ပျက်ခြစားမှုများကို တုံ့ပြန်ကိုင်တွယ်အပ်သော၊ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်မှုကို လက်သင့်မခံအပ်သော၊ အာဏာရှိသူနှင့် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေအပ်သော ယန္တရားများက ကျားကန်ပေးထားရသည်။

၈။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားပြုသူများဖြစ်သည့် အားလျော်စွာ “လူသားတိုင်းအတွက် ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တရားမျှတမှု” ဟူသည့် ဆောင်ပုဒ်ကိုသော်လည်းကောင်း၊ ထိုတန်ဖိုးများကို အကောင်အထည် ဖော်ဆောင်ရေးအတွက်ကို သော်လည်းကောင်း ဆက်လက်၍ သန္နိဌာန်ပြုအပ်ပါသည်။ တန်းတူညီမျှမှုနှင့် ပြည့်စုံသည့် ပါဝင်မှု၊ ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ တရားမှုတမှုနှင့် တာဝန်ခံမှုတို့ဖြင့် အသစ်တည်ဆောက်မည့် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းသည် မဖြစ်မနေ မှီငြမ်းရမည့် ပင်မကျောရိုးတစ်ခုပင် ဖြစ်ပါသည်။ 

၉။ “လူ့အခွင့်အရေးအတွက် ရပ်တည်ကြ” (#StandUp4HumanRights) ဟူသည့် တောင်းဆိုမှုကိုလည်း ထပ်လောင်း ထောက်ခံအပ်ပါသည်။ တစ်ဖက်တွင်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ ရှိနိုင်သမျှ ကိုယ်စွမ်း ညဏ်စွမ်း အားလုံးကို လူသားအားလုံး၏ အခွင့်အရေးများအတွက် အသုံးချတိုက်ပွဲဝင်နေကြသော ရှေ့တန်းမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ် တိုက်ပွဲဝင် နေကြသူများအား ပံ့ပိုးခြင်းအားဖြင့် ယခုနှစ်၏ ဆောင်ပုဒ်ကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြပါရန် တိုက်တွန်း တောင်းဆိုအပ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ဆက်စပ်အကြောင်းအရာများ