အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

၂၀၂၂ခုနှစ် ဩဂုတ် ၅ ရက်
 
၂၀၂၂ခုနှစ် ဩဂုတ် ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက် မိန့်ခွန်း ပြောကြား ဖွင့်လှစ်ခဲ့ပါသည်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ဩစတြေးလျနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်မှု သည် ကြီးမားသော တိုးတက်မှုတခုဖြစ်သည့်အပြင် အခမ်းအနားသို့ တက်ရောက်လာသည့် ဩစတြေးလျနိုင်ငံ ၏ အင်အားကြီးပါတီ၊The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပြီး သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးတို့လည်း တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
 
အဆိုပါ  ကိုယ်စားလှယ်ရုံးဖွင့်ပွဲအခမ်းအနားသို့  သြစတြေးလျနိုင်ငံ၊ အထက်လွှတ်တော်အမတ် Senator Paul Scarr လာရောက်ခဲ့ပြီး မြန်မာ့အရေးအတွက်လွှတ်တော်အတွင်း ၎င်းကူညီပေးနိုင်သည့် ကိစ္စရပ်များအား လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်၊ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေတို့နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးမှုများတွင် ဒုက္ခသည်များအရေး၊ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့ပေးရေးကိစ္စများ၊ စစ်အုပ်စုက အရပ်သားများအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားသည့် ရာဇဝတ်မှုများအရေး၊သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရသည့် နိုင်ငံကူးလက်မှတ်ဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့မှုများ ပါဝင်ခဲ့ပါသည်။
 
ယခုကဲ့သို့ နိုင်ငံတကာ အသိုက်အဝိုင်း၏ ထောက်ခံ အားပေးမှုများ ရရှိခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက် စစ်ကောင်စီကို ထိုက်တန်သော ပြစ်ဒဏ်များပေးနိုင်ရေးအတွက် ပိုမို အားကောင်းသော အထောက်အကူများ ရရှိလာခြင်းပင် ဖြစ်သည်။
 
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာတွင် ကိုယ်စားလှယ်ရုံးများဖွင့်လှစ်နိုင်မှု အခြေအနေမှာ (၁၈)လတာ ကာလအတွင်း ချက်၊ပြင်သစ်၊ အင်္ဂလန်နှင့် ဂျပန်နိုင်ငံအပါအဝင် ကိုယ်စားလှယ်ရုံး (၇) ရုံး ထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဆက်စပ် အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။