ဂျပန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဟောင်းနှင့် လူ့အခွင့်အရေးအဖွဲ့အား တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ခင်မမမမျိုး တို့သည် ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း Mr. NAKATANI နှင့် Nonpartisan Parliamentary Association for Reconsidering Human Rights Diplomacy အဖွဲ့တို့အား တွေ့ဆုံပွဲတစ်ရပ်ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဆက်လက်ကျူးလွန်နေသော လူအခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှု အခြေအနေများ၊ လက်ရှိအမျိုးသားညီညွတ်ရေး အစိုးရက ဖွဲ့စည်းထားရှိသည့် PDF စစ်ရေးဆိုင်ရာမူဝါဒများ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် လူ့အခွင့်အရေး ကိစ္စများကို တစိုက်မတ်မတ် လုပ်ဆောင်နေသလို PDF တပ်မတော် ဖွဲ့စည်းရာတွင်လည်း အဖွဲ့ဝင်စစ်သည်တော်တိုင်းအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အရည်ချင်းပြည့်ဝသည့် ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့၀င်များ ဖြစ်စေရေးအတွက် စစ်ဥပဒေ၊လုပ်ထုံးလုပ်နည်း၊စည်းကမ်းကျင့်ဝတ်များကို နိုင်ငံတကာ စစ်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ လုပ်ဆောင်သွားရန် ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးတင်ပြရာတွင် ဂျပန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေသည့် နိုင်ငံများအပေါ် အပြစ်ပေးအရေးယူနိုင်သည့် ဥပဒေတစ်ရပ် ရေးဆွဲနိုင်ရေး ဂျပန်နိုင်ငံအစိုးရက ကြိုးစားနေပါကြောင်း၊ ယခင်က ဂျပန်နိုင်ငံ၏ အကျိုးစီးပွားကို တိုက်ရိုက် ထိခိုက်သည့်အတွက် ယင်းကဲ့သို့လုပ်ဆောင်မှုမျိုးကို မြောက်ကိုရီးယားအစိုးရအပေါ် ချမှတ်ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဆိုးဝါးဝါးဖြစ်နေသည့် နိုင်ငံမျိုးတွင် အရေးယူကာကွယ်ပေးနိုင်မည့် ဥပဒေ တစ်ခု ပြဋ္ဌာန်း နိုင်ရေး ကြိုးစားနေပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဆိုပါအချက်အလက်များသည် တရားဥပဒေ ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံအလိုက် ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သည့်အားလျော်စွာ ဂျပန်နိုင်ငံ အနေဖြင့် ဆောင်ရွက်သင့်သည့် အချက်ဖြစ်ပါကြောင်း ပေါင်းစပ်ညှိုနှိုင်းဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဂျပန်အစိုးရ အနေဖြင့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို အားပေးကူညီသည့် ကိစ္စများ မဖြစ်စေရန်၊ တစ်ချိန်တည်းမှာပဲ စီးပွားရေးပိတ်ဆို့မှုများဖြင့် ဆက်တိုက်အရေးယူဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှု

အားလုံးကို တားဆီးပေးရန်၊ ဂျပန်နိုင်ငံ၏ ဒေသဆိုင်ရာ မိတ်ဖက် ဖြစ်သည့် အာဆီယံ အပါအဝင် အခြားသော နိုင်ငံများအနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု လက်ခံ‌ ဆောင်ရွက်ပူးပေါင်းပေးကြရန် ဂျပန်အစိုးရအနေဖြင့်တိုက်တွန်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် ၎င်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ရုံထက်ပိုသည့် ချက်ချင်းတုံ့ပြန် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန်လည်း အလေးအနက်ထား တောင်းဆိုခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်ပြီး လူသားချင်းစာနာမှုအကူအညီ၊ အထောက်အပံ့များအပြင် တခြားသောလိုအပ်ချက်ရှိမည့် အစီအစဥ်များကိုဖော်ဆောင်ရန် တိုက်တွန်း‌ ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်းက ပြောကြားရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒီမိုကရေစီ အရေး တိုက်ပွဲဝင်နေသည့် မြန်မာ ပြည်သူများနှင့် အတူ တစ်သွေးတည်း၊တစ်သားတည်းရှိ နေပါကြောင်း၊ ဂျပန်အစိုးရ၏ ဆောင်ရွက်နေမှုများနှင့်အကူအညီ အထောက်အပံ့များကို မြန်မာပြည်သူများအကျိုးရှိမည့်မှန်ကန်သည့်လမ်းကြောင်းအတိုင်း ဖြစ်စေရေးအတွက် ဆက်လက်တောင်းဆို‌ ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် ဆွေးနွေးထားရှိခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်နေသော နိုင်ငံများအပေါ် အပြစ်ပေးအရေးယူနိုင်သည့် ဥပဒေ တစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်ပြီး မြန်မာပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရNUG ကို ယခုထက် ပိုမို ပြည့်ဝစွာ အားဖြည့်အကူညီ‌ ပေးနိုင်မည့် အခြားနည်းလမ်းများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ကတိပေး ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။