ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ
၅၅ကြိမ်မြောက်ညီလာခံ
လူ့အခွင့်အရေးကောင်စီက ချမှတ်လိုက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ သဘောတူဆုံးဖြတ်ချက် အပေါ် တုန့်ပြန်ချက်
မြန်မာနိုင်ငံ
(၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်)
အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနှင့်စပ်လျဉ်း၍ လူ့အခွင့် အရေးကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် တညီတညွတ်တည်း အတည်ပြု လိုက်သည့် ဆုံးဖြတ်ချက်အား ကြိုဆိုဂုဏ်ပြုပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံသည် ယခုဆုံးဖြတ်ချက်ကို ဦးဆောင်ရေးဆွဲခဲ့သည့် ဥရောပသမဂ္ဂနှင့် ထောက်ခံ တင်သွင်းခဲ့ကြသောနိုင်ငံများကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောကြားလို ပါသည်။
ဤဆုံးဖြတ်ချက်တွင် ယခင်ဆုံးဖြတ်ချက်များထက် ပိုမိုခိုင်မာသည့် အချက်သစ်များ ပါဝင်ကြောင်း တွေ့ရှိရသည်။ ၎င်းဆုံးဖြတ်ချက် အသစ်များထဲတွင် အရပ်သား ပြည်သူများ အပေါ် လေကြောင်း တိုက်ခိုက်မှုများ ပိုမိုပြင်းထန်စွာ လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်အုပ်စုထံ လေယာဉ်ဆီ တင်ပို့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့ကို ရှောင်ကြဉ်ရန် နိုင်ငံများအား တောင်းဆိုမှုပါဝင်ပါသည်။
ဤဆုံးဖြတ်ချက်သစ်တွင် ရိုဟင်ဂျာများ အပါအဝင် လူမျိုးစုနှင့် ဘာသာရေးလူနည်းစုများ အပေါ် ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်နေခြင်း၊ မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး ရခိုင် ပြည်နယ်သို့ ပေးပို့ရမည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား ရည်ရွယ်ချက်ရှိရှိ တားမြစ်ခြင်း၊ မြန်မာနိုင်ငံရှိ အမျိုးသားအမျိုးသမီး၊ လူငယ်များကို အတင်အဓမ္မ စစ်မှု ထမ်းရန် အပြင်းအထန် စီစဥ်ဆောင်ရွက်နေခြင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ အပေါ် ပစ်မှတ်ထား နှောင့်ယှက်နေခြင်း များကိုလည်း ရှုတ်ချထား ပါသည်။ အပြုသဘောဆောင်ပြီး အားလုံးပါဝင်မှုရှိသော ညှိနိုင်းမှုများ ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ပိုမိုကျယ်ပြန့်သော အရပ်ဘက် လူထုအဖွဲ့အစည်းများအပါအဝင် ပါဝင်ပတ်သက်နေသူများအကြား အကျိုးပြု ပြီး အားလုံးပါဝင်မှုရှိသော ညှိနိုင်းမှုများပေါ်ပေါက်လာရေးနှင့် လိုအပ်သူများထံ လူသားချင်း စာနာမှု အကူအညီများရာက်ရှိရေးအတွက် ကြိုးပမ်းနေသည့် အာဆီယံ အသင်းအပေါ် ကောင်စီ၏ အသိအမှတ်ပြုမှုအား ကြိုဆိုပါသည်။ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ မှတဆင့် ပေးပို့ခြင်းအပါအဝင် အထူးလိုအပ်နေသော လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများအား အရေးပေါ် ပေးပို့နိုင်ရန်အတွက် အာဆီယံအသင်းအနေဖြင့် ၎င်းတို့နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံသင့်သည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ တာဝန်သက်တမ်း တိုးမြှင့် လိုက်ခြင်းကို ကြိုဆိုပါသည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး မြေပြင်တွင် ပိုမို ဟန်ချက်ညီပြီး ထိရောက်မှုများ လုပ်ဆောင်ခြင်းနှင့် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် တာဝန်ခံစေနိုင်ရန် ဆက်လက်လုပ်ဆောင်ခြင်း တို့ကို မြန်မာနိုင်ငံတွင်းရှိ “ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ပိုမိုတက်ကြွစွာလုပ်ဆောင်ရန်” တောင်းဆိုသည်။
လူ့အခွင့်အရေးကောင်စီက လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအား “မြန်မာနိုင်ငံရှိ ပြည်သူများ၏ ရည်မှန်းချက်များ ဖြစ်သည့် လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ တာဝန်ခံမှု ဖော်ဆောင်ခြင်း၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရတရပ် ပေါ်ထွန်းရေး အတွက် လုပ်ဆောင်ခြင်း စသည့်နည်းလမ်းများကို ပြည်ပြည့်စုံစုံ အစီရင်ခံစာရေးဆွဲ တင်သွင်းရန်” တာဝန်အပ်နှင်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအား ကောင်စီက တာဝန်ပေးအပ်ခဲ့သည့် ထိုအစီရင်ခံစာအတွက် ပူးပေါင်း လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ တရားရုံးများနှင့် နိုင်ငံတော်အဆင့် တရားစီရင်ပိုင်ခွင့်များ မှတစ်ဆင့် တာဝန်ခံမှု ဖော်ဆောင်နိုင်ရေးနှင့် အထူးခုံရုံးများ ဖွဲ့စည်းခြင်းအပါအဝင် တရားမျှတမှုနှင့် နစ်နာမှုများအားကုစားပေးခြင်းဆိုင်ရာ နည်းလမ်းသစ်များကို ရှာဖွေ ဖော်ထုတ်လုပ်ဆောင်သွားရန် ခိုင်မာစွာ ကတိပြုပါသည်။
လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဆက်စပ်အကြောင်းအရာများ


