ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၇ ကြိမ်မြောက် အစည်းအဝေး

စဉ် – ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာတင်ပြမှုနှင့် ပတ်သက်၍ တုံ့ပြန်ဆွေးနွေးခြင်း

 

မြန်မာ

၂၅၊ စက်တင်ဘာ ၂၀၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဒုတိယ အကြီးအကဲ ၏ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အပြန်အလှန် တုံ့ပြန်ဆွေးနွေးခြင်းနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာ တင်သွင်းခဲ့ခြင်းကို ကြိုဆိုပါသည်။

မဟာမင်းကြီးရုံး ဒုတိယ အကြီးအကဲ Nada Al-Nashif က “မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဒုက္ခ ဆင်းရဲတွင်းသို့ နစ်သထက်နစ်မြုပ်လျက်ရှိ” ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ ဒုတိယ အကြီးအကဲ က အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ် တိုက်ခိုက်မှု အမျိုးမျိုးကို ကောင်စီကို တင်ပြရာတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကို အရပ်သားများအပေါ် “တမင်ရည်ရွယ်ချက်ရှိရှိ ရွေးချယ် တိုက်ခိုက်” လျက်ရှိကြောင်း၊ ဆိုင်ကလုန်း ယာဂီ အပြီးတွင်လည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ၎င်းတို့၏ အကျိုးစီးပွားအတွက် တလွဲ အသုံးချမှုများ ထပ်မံမြင်တွေ့ရကြောင်း၊ အဓမ္မစစ်မှုထမ်းခြင်းကို အသက်သွင်းကာ မြန်မာလူငယ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလျက်ရှိကြောင်း၊ အမျိုးသမီးများနှင့် လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားသူများကို မတရားဖမ်းဆီးပြီးနောက် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို “အတားအဆီး အထိန်းအကွပ်မရှိ” အသုံးချလျက် ရှိကြောင်း တင်ပြခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ၏ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံး အစီရင်ခံစာ (A/HRC/57/56) သည် အလားတူ ရာဇ၀တ်မှုများကို အသေးစိတ် လေ့လာ ဖော်ထုတ်တင်ပြခဲ့သည်။ ထို့ပြင် မောင်တောမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသများမှ ထိတ်လန့်ဖွယ် သတင်းများနှင့် ပုံရိပ်များ ထွက်ပေါ်လာသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆိုးရွားသော အခြေအနေကိုလည်း ဖော်ပြထားသည်။ အစီရင်ခံစာတွင် ရခိုင်၊ ရိုဟင်ဂျာ နှင့် အခြားလူနည်းစု အသိုင်းအဝိုင်းများအပေါ် ရက်စက်ကြမ်းကြုတ်မှု အသစ်များ ဖြစ်လာနိုင်ချေကို သတိပေးထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်  ထိုသို့ သော ရာဇ၀တ်မှုများကို တားဆီးကာကွယ်ရန် အပြည့်အ၀ ကတိပြုထားပြီး မြန်မာနိုင်ငံတွင် ရှက်ဖွယ် ကောင်းသော အတိတ်က ပျက်ကွက်မှုများ ဘယ်သောအခါမှ ထပ်ခါထပ်ခါ မဖြစ်စေရန် အပြည့်အဝ အာမခံသည်။

မဟာမင်းကြီးရုံး ဒုတိယ အကြီးအကဲ Al-Nashif ကလည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု က ဖြစ်ပေါ်စေခဲ့သော အကျပ်အတည်းကို အဆုံးသတ်ရန် “ချဉ်းကပ်မှုအသစ်” ကို ချမှတ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ကလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအား အစောပိုင်းတွင် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။ အဆင့်သုံးဆင့်ကို အဆိုပြုခဲ့ပြီး မြန်မာနိုင်ငံက ပံ့ပိုးပေးသည့် အဆင့်တစ်ခုစီတွင် အောက်ပါအချက်များပါဝင်သည်။

၁။ အကြမ်းဖက်စစ်အုပ်စုထံ လက်နက်၊ အခြားစစ်လက်နက်ပစ္စည်းများနှင့် လေယာဉ်ဆီများ တင်သွင်းနေမှုကို ပြတ်ပြတ်သားသား တားဆီးရန်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ၏ နောက်ဆက်တွဲတွင် ဆုံးဖြတ်ချက်အသစ် ချမှတ်ပြီးနောက် လုပ်ဆောင်ရမည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာကို ကောင်စီ၏ ပုံမှန်အစည်းအဝေး အစီအစဉ်တွင် တရားဝင်ထည့်သွင်းပြီး ပုံမှန်အစီရင်ခံစေခြင်းဖြင့် လုပ်ဆောင်ရမည်။

၂။       မြန်မာနိုင်ငံ အနာဂတ် အတွက် အဖြေရှာရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ နှင့် လူငယ်များဖြင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုမှ  တဆင့် နိုင်ငံရေး လုပ်ငန်းစဉ်အသစ်ကို ဖော်ဆောင်ရမည်။

၃။       နယ်စပ်ဖြတ်ကျော် လုပ်ငန်းလုပ်ဆောင်မှုများနှင့် တိုင်းရင်းသားအစုအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှတဆင့် အကူအညီများ ပံ့ပိုးပေးခြင်းအပါအဝင် လိုအပ်နေသော လူမှုအသိုက်အဝန်းအားလုံးကို လူသားချင်းစာနာ ထောက်ထားမှု အကူအညီများရရှိရန် တီထွင်ဖန်တီးမှုနည်းလမ်းများကို လုပ်ဆောင်ခြင်း။ သို့သော် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပံ့ပိုးပေးခြင်း ကို စစ်နည်းဗျူဟာအဖြစ် ဆက်လက်ခြယ်လှယ်ရန် ကြိုးစားလျက်ရှိသည့် အကြမ်းဖက် စစ်အုပ်စု နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား သတိပေး လိုပါသည်။

ထို့ပြင် မြန်မာနိုင်ငံသည် မဟာမင်းကြီးရုံး ဒုတိယအကြီးအကဲ ၏ တာဝန်ခံမှုဆိုင်ရာ တောင်းဆိုချက်များကို ထောက်ခံရာတွင် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ၏ အခြေအနေများကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) သို့ လွှဲပြောင်းခြင်းများလည်း ပါဝင်သည်။  တရားမျှတမှုနှင့် နစ်နာမှုများကို ကုစားခြင်းတို့အတွက် နိုင်ငံတကာတရားရုံး (ICJ) နှင့် နိုင်ငံအသီးသီးမှ တရားရေး ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုသည်။ လူ့အခွင့်အရေးအခြေအနေများကို စုံစမ်းစစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် အစီရင်ခံခြင်းတို့ကို လွယ်ကူချောမွေ့စေရန် မြန်မာနိုင်ငံသို့ အဓိပ္ပာယ်ပြည့်ဝသော အခွင့်အလမ်း ရရှိစေရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ မြန်မာနိုင်ငံ ဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု့ယန္တရား (IIMM) နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်တို့နှင့်အတူ ဆက်လက် လုပ်ဆောင်သွားမည်။

နောက်ဆုံးအနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖောက်ဖျက်ကျူးလွန်သူများအား တာဝန်ခံမှု အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာစေရေး အမျိုးသားညီညွတ်ရေးအစိုးရအား ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး ၏ တောင်းဆိုတိုက်တွန်းချက်အပေါ် မြန်မာနိုင်ငံက အပြည့်အဝ လက်ခံပါသည်။ ဤစံနှုန်းအတိုင်း ရပ်တည်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာလူပုဂ္ဂိုလ် သို့ အဖွဲ့အစည်း   အားလုံး တထပ်တည်း ရှိမည်ဟု ယုံကြည်ပါသည်။

နိဂုံးချုပ်အနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများကို ဖော်ထုတ်ပြီး ကမ္ဘာကို တွန်းအားပေးဆောင်ရွက်နိုင်စေရေး နှင့် မြန်မာပြည်သူများအတွက် တရားမျှတမှု ကို သေချာပေါက် ရရှိအောင် ဆက်လက် ကြိုးပမ်းမှုအတွက် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Türk၊ ဒုတိယ အကြီးအကဲ Al-Nashif နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးအဖွဲ့ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားအပ်ပါသည်။

                                                                                              လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ဆက်စပ်အကြောင်းအရာများ

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။