ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ၅၁ ကြိမ်မြောက် အစည်းအဝေး

အကြောင်းအရာ ၄ – စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားများဆိုင်ရာ
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ စာတမ်းပါ အကြံပြုချက်များနှင့် စပ်လျဥ်း၍ တိုးတက်မှုများနှင့် ကျန်ရှိနေသော စိန်ခေါ်မှုများအကြောင်းနှင့် ပတ်သက်သည့် ကုလသမဂ္ဂမဟာမင်းကြီးရုံး၏အစီရင်ခံစာပေါ် အပြန်အလှန်ဆွေးနွေးခြင်း

မြန်မာနိုင်ငံ

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့

ယာယီ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Nada AI-Nashif နှင့် အပြန်အလှန်ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်များ အပေါ် နောက်ဆက်တွဲ လေ့လာစိစစ်ခြင်းဖြစ်သည့် မြန်မာ့ စစ်တပ်၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး၏ အစီရင်ခံစာတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါသည်။​

ယာယီ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ယခုအခါ မတရား အာဏာသိမ်း စစ်အုပ်စုဖြစ်နေပြီ ဖြစ်သည့် စစ်တပ်သည် “နိုင်ငံတော်၏ အရင်းအမြစ်များအား ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဆက်လက် ခေါင်းပုံဖြတ်အမြတ်ထုတ်နေလျက်ရှိပြီး၊ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုအမျိုးမျိုးတို့ကို အသုံးချလျက်ရှိသည်” ဟု ပြောကြားခဲ့သည်။

ပိုမိုဆိုးရွားလာနေသည့် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများသည် လေကြောင်းအင်အား၊ လက်နက်ကြီးအင်အားနှင့် အခြားစစ်ရေးဆိုင်ရာ လက်နက်များကို ဆက်လက်မှီခိုအသုံးပြုနေပြီး၊ အဆိုပါလက်နက်များသည် စစ်အုပ်စု၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများနှင့် နိုင်ငံ့အရင်းအမြစ်များကို ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများမှတစ်ဆင့် ရရှိသော ဝင်ငွေများဖြင့် “ဝယ်ယူထားသော၊ ပေးချေထားသော” လက်နက်များဖြစ်ပါသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ဖြစ်စဥ်တွင် စစ်အုပ်စုသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းရွာ မှ ဘုန်းကြီးကျောင်းတစ်ခုရှိ စာသင်ကျောင်းတစ်ခုကို ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေး ရဟတ်ယာဥ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။​ ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦးတို့ သတ်ဖြတ်ခံခဲ့ရသည့် အဆိုပါ တိုက်ခိုက်မှုသည် စစ်တပ်မှ အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည့် ယမန်နှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် ကလေးသူငယ်များအား အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် အဆိုးရွားဆုံးသော ကျူးလွန်မှုတစ်ခုဖြစ်လာခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှလည်း ပြင်းထန်စွာ ရှုတ်ချထားပါသည်။ 

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ လူ့အခွင့်အရေးမဟာမင်းကြီးရုံး၏ အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် အကြံပြုချက်များအား ထောက်ခံပါသည်။ စစ်တပ်၏ ဝင်ငွေရလမ်း၊ နိုင်ငံခြားဝင်ငွေလဲလှယ်မှုနှင့် လက်နက်လမ်းကြောင်းများအား ဖြတ်တောက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးကို တောင်းဆိုမှုသည် အသစ်တဖန် ထပ်မံတိုက်တွန်းနှိုးဆော်ထားမှုဖြစ်ပြီး အချက်အလက်ရှာဖွေရေးမစ်ရှင် ဥက္ကဌ က ၂၀၁၉ ကတည်းက တောင်းဆိုခဲ့သည့်တိုင် လျစ်လျူရှုခံခဲ့ရသည့် တောင်းဆိုမှုဖြစ်သည်။ လက်ရှိကာလတွင် ကြုံတွေ့ရသော အကျိုးဆက်များသည် “ပိုမိုဆိုးရွားပြင်းထန်သည့်” လူ့အခွင့်အရေး အခြေအနေများ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ယာယီ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးမှုအတွင်း မျှဝေခဲ့သည့် အဓိက တွေ့ရှိချက်အချို့တို့ကိုလည်း မီးမောင်းထိုး ဖော်ပြလိုပါသည်။ 

ပထမဦးစွာ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် “နိုင်ငံကိုအပြည့်အဝ ထိန်းချုပ်နိုင်ရန်အလို့ငှာ အားထုတ်ကြိုးပမ်းမှုအနေဖြင့် နိုင်ငံ၏ ပြည်သူလူထုအပေါ် တစိုက်မတ်မတ် ဖိနှိပ်ခြင်း၊ အကြမ်းဖက်ခြင်းတို့ကို ကျူးလွန်လျက်ရှိသည်” ဟု ဖော်ပြရာတွင် ယာယီ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် စစ်တပ်၏ ဆောင်ရွက်ချက်များနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအား ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှုများသည် အကြမ်းဖက်မှု မြောက်ကြောင်း အသိအမှတ်ပြုခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အာဏာသိမ်းစစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် စာရင်းသွင်းရေးကို လုပ်ဆောင်သင့်ပါသည်။​ ထို့အပြင် ယာယီ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးသည် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် နိုင်ငံအား မထိန်းချုပ်နိုင်ကြောင်းကို ဖော်ပြထားကြောင်း သူမ၏ မှတ်ချက်ဖြစ်သည့် စစ်အုပ်စုသည် “နိုင်ငံကို  အနှစ်သာရရှိရှိ၊ ရေရှည် တည်တံ့သောနည်းလမ်းဖြင့် အုပ်ချုပ်နိုင်ရန် ပျက်ကွက်” လျက်ရှိကြောင်း ဖော်ပြချက်တွင် ပိုမိုထင်ရှားစွာ သိမြင်နိုင်ပါသည်။

ဒုတိယအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစု ကိုယ်စားလှယ်များနှင့် အလုပ်သမားသမဂ္ဂများနှင့် “အရေးကြီးသည့်” ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်လျက်  စစ်တပ်အား “ဘဏ္ဍာရေးရာ ဖြတ်တောက်ရန်” အတွက် ပူးပေါင်းလုပ်ဆောင်ရန် ယာယီ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းထားသည့်အပေါ် မြန်မာနိုင်ငံက အပြည့်အဝ ထောက်ခံပါသည်။​ မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားပြု အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရသည်  “လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပွားမှု” စေရေး ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် ယာယီ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်း တောင်းဆိုထားသည့် “ပူးပေါင်း အရေးယူဆောင်ရွက်မှုများ” ၏ ဗဟိုချက်မအဖြစ် ပါဝင်ရန် လိုအပ်မည်ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် လူ့အခွင့်အရေးကောင်စီတို့နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မဟာမင်းကြီး၏ လုပ်ငန်းတာဝန်အပေါ် ဆက်လက်ဝန်းရံထောက်ခံလျက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။ 

ဆက်စပ်အကြောင်းအရာများ