ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန
https://mohr.nugmyanmar.org/

ထုတ်ပြန်ကြေငြာချက်အမှတ်(၅/၂၀၂၃)
၁၃၈၄ ခုနှစ်၊ တန်ခူး လဆုတ် ၇ ရက်
(၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ရက်)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုမှ ဆိုးရွားစွာ လေကြောင်းမှ တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းမှ တိုက်ခိုက်၍ အကြမ်းဖက်မှု ကျူးလွန်ခြင်းနှင့် ပတ်သက်ပြီး  အပြင်းအထန်ရှုတ်ချသည်။ 

၂။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့ မြန်မာအချိန် နံနက် (၈) နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စု၏ ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များသည် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ အရပ်သားအများအပြား စုဝေးနေရာသို့ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ကြသည်။

၃။ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား အနည်းဆုံး ၅၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားကိုလည်း ဆက်လက်စိစစ်နေဆဲဖြစ်ပါသည်။ ကနဦးသေဆုံးမှု အရေအတွက်မှာ ဆက်လက်မြင့်တက်ဖွယ်ရှိပါသည်။ သတ်ဖြတ်ခံရသူအချို့၏ ရုပ်အလောင်းများမှာ အလွန်ဆိုးရွားစွာ ထိခိုက်ပျက်စီးနေပြီဖြစ်သဖြင့် ခွဲခြားရန်ပင် မဖြစ်နိုင်တော့ပါ။ 

၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကန့်ဘလူမြို့နယ်မှ ပြည်သူများ၊ သေဆုံးသူများ နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသူများ၏ မိသားစုဝင်များ ၊ မိတ်ဆွေများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲ ရပါကြောင်း ဖော်ပြလိုပါသည်။

၅။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အာဆီယံခေါင်းဆောင်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ စဉ်ဆက်မပြတ် ရှုတ်ချမှုများကို မျက်ကွယ်ပြုလျက် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှု ပိုမိုဆိုးရွားစွာ ကျူးလွန်နေလျက်ရှိကြောင်း လေကြောင်းမှ ယခုကဲ့သို့ ပူးတွဲတိုက်ခိုက်မှုများက ဖော်ပြလျက်ရှိသည်။ ယခင်တစ်ပတ် ဧပြီလ ၄ ရက်နေ့ကပင် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်၊ အရပ်ဘက် စစ်ဘက် ပစ်မှတ်ခွဲခြားမှုမရှိ၊ မတန်တဆအင်အားသုံး တိုက်ခိုက်မှုများအပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘုံသဘောတူညီချက်ဖြင့် ချမှတ်ခဲ့ပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများအားလုံးကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီးဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုသည် ထိုသို့သော ဆုံးဖြတ်ချက်ကိုပင်လျှင် ပိုမိုဆိုးရွားပြင်းထန်သော သတ်ဖြတ်မှု၊ သွေးချောင်းစီးမှုဖြင့် တုံ့ပြန်ခဲ့ပြီဖြစ်သည်။

၆။ အာဆီယံနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအပေါ် အလျင်အမြန် အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ ကုလသမဂ္ဂ ပဋိညာဉ် အခန်း (၇) ပါ အရေးယူ ဆောင်ရွက်မှုများကို လုံခြုံရေးကောင်စီအနေဖြင့် ချမှတ်ရမည်။ အာဆီယံခေါင်းဆောင်များအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ရာဇဝတ်သားစစ်အုပ်စုအပေါ် ထပ်ဆင့်အပြစ်ပေးအရေးယူမှုများကို ချမှတ်ရန် လိုအပ်သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
                                အမျိုးသားညီညွတ်ရေးအစိုးရ

ဆက်စပ်အကြောင်းအရာများ

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။