ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန

ထုတ်ပြန်ကြေငြာချက်အမှတ်(၃/၂၀၂၃)
၁၃၈၄ ခုနှစ်၊ တပေါင်း လဆန်း ၁၃ ရက်
(၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ အရပ်သားပြည်သူများကို အကြမ်းဖက်စစ်အုပ်စုမှ ရက်စက်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

၁။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာတွင် အထိုင်ချထားသည့် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တပ်ဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် မြင်းမူမြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုသို့စီးနင်းခဲ့ရာတွင် တာတိုင်ကျေးရွာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇောကို ဖမ်းဆီးရရှိခဲ့ပြီး ခေါင်းနှင့် ခြေလက်များ ဖြတ်တောက်ခြင်း၊ ဗိုက်ဖောက်ထုတ်ခြင်းများ ပြုလုပ်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ မတ်လ (၂) ရက်နေ့တွင် တာတိုင်ကျေးရွာမှ ထွက်ခွာရာ၌ အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူ (၁၅) ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၂။ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံပြည်သူများအနက် ဒေသခံ ပြည်သူ အမျိုးသား (၅) ဦး၏ ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာအနီးတွင် မတ်လ (၂) ရက်နေ့တွင် တွေ့ရှိခဲ့ရသည်။ ကျန်ဒေသခံပြည်သူ (၁၀) ဦးကို မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာဘက်သို့ ဦးတည်သည့် စစ်ကြောင်းအတွင်းတွင် ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့အနက် ဒေသခံပြည်သူ အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၆) ဦး၏ ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို မတ်လ (၂) ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်း-မြင်းမူအစပ်ရှိ ကျွန်းပေါ်တံတားအနီးတွင် ဆက်လက်တွေ့ရှိခဲ့ ကြရသည်။ 

၃။ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့များသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက် နေ့တွင် အိမ်ခြေ (၇၈) လုံးရှိသည့် တာတိုင်ကျေးရွာမှ အိမ်ခြေ (၆၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ 

၄။ယခုကဲ့သို့ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်ခြင်းသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး ဆိုင်ရာ ယန္တရားများထံ ပေးပို့ပြီးဖြစ်သည်။ ကျူးလွန်သူ အဆင့်ဆင့်အား အပြစ်ပေး အရေးယူလျက် တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။

                                                                                              လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

ဆက်စပ်အကြောင်းအရာများ

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။