ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာန
နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန တို့၏
ထုတ်ပြန်ချက် (၁/၂၀၂၂)
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂြိတ်ချောင်းကျေးရွာတွင်စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးများကျရောက်လာမှုကြောင့် ကလေးငယ်များနှင့် ရွာသားများသေဆုံးမှုအပေါ် ထုတ်ပြန်ချက်

 

၁။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကြိမ်ချောင်း (၂၄) ဂိတ်၊ နခခ (၇) တည်ရှိသည့် နေရာမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ မောင်တောမြို့နယ် ဂြိတ်ချောင်း ကျေးရွာတွင် ကလေးသူငယ် (၄) ဦး၊ အရပ်သားပြည်သူ (၁၁) ဦးသေဆုံးခဲ့ပြီး (၂၇) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။

၂။ အလားတူ ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသား (၄) ဦးသေဆုံးခဲ့ပါသည်။ ထိုနေ့ တရက်ထဲ၌ပင် ကလေးငယ် (၄) ဦးအပါအဝင် အရပ်သားပြည်သူ (၁၅)ဦး၊ စုစုပေါင်း (၁၉) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၂၉) ဦးရှိပါသည်။

၃။ အကြမ်းဖက်စစ်ကောင်စီ၏ ရခိုင်ပြည်နယ်၊ မောင်တောအပါအဝင် မြန်မာနိုင်ငံအနှံအပြားတွင် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုလုပ်ရပ်သည် စစ်ကောင်စီအနေဖြင့် ကလေး သူငယ်များနှင့် အရပ်သားများအပေါ် လက်နက်ကိုင် ပဋိပက္ခအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ပြစ်မှုကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်ပါသည်။ ယခုအကြမ်းဖက်တိုက်ခိုက်မှုသည် ဂျီနီဗာကွန်ဗန်းရှင်း သဘောတူညီချက်များကို ကျူးလွန် ချိုးဖောက်ခြင်းဖြစ်ပါသည်။

၄။ UN General Assembly resolution A/RES/54/263 အရ လက်နက်ကိုင်ပဋိပက္ခ အခြေအနေ များတွင် ကလေးငယ်များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးထားသော အရာများကိုတိုက်ခိုက်ခြင်းများကို ကမ္ဘာ့ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊လူမှုအဖွဲ့အစည်းများမှ အားလုံးပူးပေါင်းပြီး ရှုံ့ချရန်နှင့်အကြမ်းဖက်စစ်ကောင်စီအား လက်နက်များ ဖြန့်ဖြူးရောင်းချပြုလုပ်လျက်ရှိသည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူဆောင်ရွက်နိုင် ရန်အလေးအနက်ထားပြီး တောင်းဆိုအပ်ပါသည်။

၅။ အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဖြစ်၍အားပေးထောက်ခံသည့် အပြုအမူမှန်သမျှကို မပြုလုပ်ကြရန် မိမိတို့အနေဖြင့် နိုင်ငံတကာကို အလေးအနက်တောင်းဆိုသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်ရန်နှင့် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ နှင့်အတူ တကွ အရေးတကြီး ပံ့ပိုးဆောင်ရွက်ပေးကြပါရန် တိုက်တွန်း တောင်းဆိုအပ်ပါသည်။

၆။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့သည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ယခုကဲ့သို့သော ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းရယူသကဲ့သို့ လူအခွင့်အရေး ချိုးဖောက်ခံရမှုအား ကာကွယ်ရေး၊ ပြန်လည်ကုစားရေးနှင့် တရားမျှတမှု ရှာဖွေရေး၊ ကျူးလွန်သူများအား တရားဥပဒေနည်းလမ်းတကျ အပြစ်ပေး အရေးယူနိုင်ရေးကို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်

[email protected] Ministry of Human Rights

အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

ဆက်စပ်အကြောင်းအရာများ

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။