လူ့အခွင့်အရေးဝန်ကြီးဌာန၏ စစ်အာဏာသိမ်းမှု ရက်တရာပြည့်နေ့ ထုတ်ပြန်ကြေညာချက်
ယနေ့သည် မြန်မာနိုင်ငံတွင် တရားမဝင်စစ်ကောင်စီ၏ စစ်အာဏာသိမ်းမှု ရက်ပေါင်း ၁၀၀ ပြည့်သည့်နေ့ဖြစ်ပါသည်။ ရက်ပေါင်းတရာပြည့်ခဲ့သည့်တိုင်အောင် တရားမဝင်စစ်ကောင်စီသည် ပြည်သူလူထု၏ တောင်းဆိုချက်များနှင့် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို လေးစားခြင်းမရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို နေ့စဥ်ရက်ဆက်ကျူးလွန်နေဆဲဖြစ်သည်။ ပြည်သူ့ဆန္ဒကို မလေးစားဘဲ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ စစ်အာဏာသိမ်းရန်ကြိုးပမ်းခဲ့ခြင်း နှင့်အကြမ်းဖက်နည်းအမျိုးမျိုးသုံး၍ ယခုအချိန်ထိ ဆက်လက်ကြိုးပမ်းနေခြင်းသည် “ပြည်သူ့လူထုသည် မိမိ၏အစိုးရကို ရွေးချယ်ပိုင်ခွင့်ရှိရမည်” ဟူသော လူ့အခွင့်အရေးကို မလေးစားခြင်းပင်ဖြစ်သည်။ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင်လည်း အကြမ်းဖက်နှိမ်နှင်းမှုများ သတ်ဖြတ်မှုမျိုးစုံလုပ်ဆောင်နေမှုများ၊ နှိပ်စက်ညှင်းပန်းမှု နှင့် အခြားသော ခြိမ်းခြောက်မှုများသည် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်သည်။ သတ်ဖြတ်မှုများကို ကျူးလွန်သည့် အခါတွင်လည်း လမ်းမများပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြ လျက် ရှိသည့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ရုံမျှမကဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် သေစေနိုင်သည့် လက်နက်များကို အသုံးပြု၍ သေစေနိုင်သောလက်နက်များဖြင့် ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်ခြင်းများအပြင် နေအိမ်များအတွင်းပါ ဝင်ရောက်အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခြင်းများကို ကြုံတွေ့နေရပါသည်။ ပိုမိုဆိုးရွားလှသောအဖြစ်အပျက်မှာ ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် သေဆုံးသွားသည့်အလောင်းကိုသာ ပြန်လည်ရရှိခြင်း၊ သေဆုံးသွားသူများကို လူမဆန်စွာနှိပ်စက်ထားသည့် သက်သေအထောက်အထားများကို တွေ့ရခြင်းတို့ဖြစ်သည်။ ဖမ်းဆီးခံရသည့်အမျိုးသမီးငယ်များနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေလျက်ရှိကြောင်း ခိုင်မာသော သတင်းများရရှိထားသည်။ ထို့ပြင် တိုင်းရင်းသားဒေသများ၌ နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ကျူးလွန်လျက်ရှိပါသည်။ စစ်ပွဲများနှင့် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများကြောင့် ရာစုနှစ်နီးပါး ပြည်တွင်းစစ်ဒဏ်ကိုခံစားနေရသည့် တိုင်းရင်းသားပြည်သူများမှာ ထပ်မံရွှေ့ပြောင်းပုန်းအောင်းရင်း ပြည်တွင်းဒုက္ခသည် (IDPs) များဘ၀သို့ တကျော့ပြန်ရောက်ရှိခဲ့ရသည်။ တိုင်းရင်းသားဒေသရှိ ကလေးသူငယ်၊ အမျိုးသမီး နှင့် သက်ကြီးရွယ်အိုများအတွက် လူသားချင်းစာနာမှုအကူအညီများစွာ လိုအပ်နေလျက်ရှိသည်။ အခုအကြောင်းအရာများသည် နိုင်ငံတကာက သတ်မှတ်ထားသည့် လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crime Against Humanity) မြောက်ကြောင်းထင်ရှားလျက်ရှိသည်။
ဖိနှိပ်မှုများရှိနေသည့်တိုင်အောင် မြန်မာနိုင်ငံပြည်သူများ၏ ဆက်လက်တိုက်ပွဲဝင်မှုများနှင့် CDM သူရဲကောင်းများ၏ လှုပ်ရှားမှုများ ရဲရဲဝံ့ဝံ့နှင့်ချီတက်နေသည့်အပေါ် အထူးပင်ဂုဏ်ယူလေးစားကြောင်း လှိုက်လှိုက်လှဲလှဲ ပြောကြားလိုပါသည်။ နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာမှ ဝိုင်းဝန်းအားပေးကူညီမှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသား တော်လှန်ရေးနယ်မြေများတွင် ရောက်ရှိနေရာမှ မိမိတို့၏ သွေးစည်းညီညွတ်မှုကို ထုတ်ဖော်ပြသရင်း ဆက်လက်ကြိုးစား တိုက်ပွဲဝင် နေကြသည့်သူများကိုလည်း ကျေးဇူးတင်ရှိပါသည်။
[စစ်ကောင်စီ၏ အကြမ်းဖက် ကျူးလွန်မှု] များသည် နိုင်ငံတကာက သတ်မှတ်ထားသည့် နိုင်ငံတကာ လူ့အခွင့်ရေးစံချိန်စံနှုန်းများစွာကို ချိုးဖောက်နေခြင်းသာမကတော့ဘဲ လူသားမျိုးနွယ်ကို ထိခိုက်စေသည့် ရာဇဝတ်မှု (Crimes against humanity) အထိ ရောက်ရှိနေပြီးဖြစ်သည်။ နိုင်ငံတကာမှ သတ်မှတ်ထားသည့် နိုင်ငံတကာရာဇ၀တ်မှုများကို ကျူးလွန်နေသည့် အဆင့်ရောက်ရှိနေသည့်အတွက်ကြောင့် မိမိတို့ အနေဖြင့် သာမန်သံတမန်နည်းလမ်းများအပြင် [ဥပဒေကြောင်း တရားမျှတမှုဖော်ဆောင်နိုင်မည့် နည်းလမ်းများကိုလည်း [ကြိုးပမ်းဆောင်ရွက်သွားပါမည်။] သို့မှသာ မိမိတို့ မြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာ [အမြစ်တွယ်တည်ရှိနေခဲ့သည့်] [ကျူးလွန်သူ အပြစ်ရှိသူက] အပြစ်ပေးခံရမှုမှ ကင်းလွတ်နေသည့် အစဥ်အလာနှင့် ဥပဒေ၏အထက်တွင် အာဏာရှိသူများက ရှိနေသည့်အခြေအနေများကို ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။
လက်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို ကျူးလွန်နေသူများ၊ ပါဝင်ပတ်သက်နေသူများအနေဖြင့် တာဝန်အရလုပ်ဆောင်နေရပါသည်ဆိုသည့် ဆင်ခြေမျိုးဖြင့် ကျူးလွန်နေမှုမျိုးကို အမြန်ဆုံးရပ်တန့်ရန် အရေးကြီးသည့်အချိန်ကို ရောက်ရှိနေကြောင်း သတိပေးလိုပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူထုအပေါ် အကြမ်းဖက်နေမှုများတွင် ဆက်လက်ကျူးလွန် ပါဝင်ပံ့ပိုးနေခြင်းသည် တချိန်ချိန်တွင် မလွဲမသွေပေါ်ပေါက်လာမည့် တရားမျှတမှုဖော်ဆောင်ရာတွင် တာဝန်ယူမှုတာဝန်ခံရမည်ဆိုသည်ကို သဘောပေါက်ရန် လိုအပ်ပါသည်။ လူ့အခွင့်အရေးနှင့် တရားမျှတမှုဘက်မှာ ရပ်တည်မလား၊ သို့မဟုတ် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက် အကြမ်းဖက်မှုများ ဆက်ကျူးလွန်ပြီး နိုင်ငံတကာလူ့အခွင့်အရေး နိုင်ငံတကာရာဇ၀တ်မှုကျူးလွန်သည့် ရာဇ၀တ်သားအဖြစ် တရားရုံးမှာ ရင်ဆိုင်မလားဆိုသည့် မေးခွန်းကို ပြတ်ပြတ်သားသားဖြေဆိုချိန်ရောက်ရှိနေပြီဖြစ်ပါသည်။
ထို့ကြောင့် လက်ရှိ တရားမဝင်စစ်ကောင်စီတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသော တပ်မတော် ကြည်း။ ရေ၊ လေတပ်များ အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တချိန်တွင် ရာဇဝတ်မှုနှင့် အပြစ်ပေး အရေးယူခံရကာ ကျူးလွန်သူများအဖြစ်
သမိုင်းတွင်ခံရမည့်အခြေအနေမှ ရုန်းထွက်ပြီး အမှန်တရားအတွက် ပူးပေါင်းလက်တွဲသော ပြည်သူ့ဘက်တော်သားများအဖြစ် ကူးပြောင်းလက်တွဲလာကြစေရန် ဖိတ်ခေါ် ပါသည်။
ဆက်စပ်ပိုစ့်များ

ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၄

“အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၃

ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် အကြမ်းဖက်စစ်အုပ်စုက လေကြောင်း နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၂
