သြစတြေးလျနိုင်ငံရှိ CRPH ကူညီထောက်ပံ့ရေးအဖွဲ့များ၊ လူငယ်များနှင့် တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်း သည် သြစတြေးလျနိုင်ငံမှ CRPH ကူညီထောက်ပံ့ရေးအဖွဲ့ဝင်များနဲ့ မေလ (၁၄) ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ထိုအဖွဲ့ဟာ သြစတြေးလျနိုင်ငံ၊ ပြည်နယ် အသီးသီးရှိ တက်ကြွလှုပ်ရှားသူများဖြင့် CRPH ကို အားပေးထောက်ခံရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်ပါတယ်။

ထိုတွေ့ဆုံပွဲမှာ ၀န်ကြီးက လက်ရှိ ပြည်ပနိုင်ငံတွင် ရောက်ရှိနေကြသော အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်ပေးနေသည့်အပေါ် ၀မ်းသာဂုဏ်ယူပါကြောင်းနှင့် ဆက်လက်ကူညီလုပ်ဆောင်သွားကြဖို့ လိုအပ်ပါကြောင်း အားပေးတိုက်တွန်းပြောဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံဟာ ပထဝီအနေအထားအရ အာဆီယံနိုင်ငံများနှင့်လည်း နီးစပ်မှုရှိပြီး နိုင်ငံရေးအရ အနောက်နိုင်ငံများနှင့်လည်း ဆက်နွယ်နေတဲ့အတွက် သြစတြေးလျနိုင်ငံအစိုးရအနေဖြင့် နိုင်ငံခြားရေးမူဝါဒကောင်းမွန်စွာ အသုံးချနိုင်ကြောင်း၊ မြန်မာနိုင်ငံအပေါ် သံတမန်နည်းအရ နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုများ ပိုမိုအားကောင်းလာအောင် လုပ်ဆောင်နိုင်မဲ့ အခန်းကဏ္ဍမျိုးတွင်ရှိနေကြောင်း၊ အာဆီယံ၏ ချမှတ်ထားသည့် လုပ်ဆောင်ချက်များကို ပိုမိုထိရောက်တဲ့ လုပ်ငန်းစဥ်များ ဖြစ်လာရန်အတွက် သြစတြေးလျနိုင်ငံအနေဖြင့် အာဆီယံအပေါ် ဖိအားပေးလုပ်ဆောင်သင့်သလို တစ်ချိန်တည်းမှာ အနောက်နိုင်ငံများက ကြိုးပမ်းလုပ်ဆောင်နေတဲ့ စီးပွားရေးပိတ်ဆို့မှုများ၊ ရင်းနှီးမြှုပ်နှံမှု ဆန့်ကျင်ရေးဆောင်ရွက်မှုများကိုလဲ အင်တိုက်အားတိုက် ပူးပေါင်းလုပ်ဆောင်ပေးရန်အတွက် သြစတြေးလျနိုင်ငံရောက်မြန်မာများက ကြိုးပမ်းလုပ်ဆောင်ပေးကြရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံအစိုးရအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်တင်ပို့ရောင်းချနေမှု အား ပိတ်ဆို့အရေးယူသည့်ကိစ္စ၊ သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို အန္တရာယ်ကင်းသည့် အချိန်ထိ ဆက်လက်ပြီး နိုင်ငံအတွင်း နေထိုင်ခိုလှုံခွင့်ပေးမည်ဆိုသည့်ကိစ္စများလုပ်ဆောင်မှုများအတွက် ကြိုဆိုကြောင်းနှင့် သို့သော် ယခုထက်ပိုမိုပြီး ဒေသတွင်းနိုင်ငံများ အရေးမှာ ပြင်းပြင်းထန်ထန် တက်ကြွစွာ ပါ၀င်လုပ်ဆောင်ရန်အတွက် သြစတြေးလျအစိုးရကို တိုက်တွန်းကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မေလ (၁၆) ရက်နေ့က သြစတြေးလျနိုင်ငံရောက် လူငယ်များက စီစဉ်ကျင်းပခဲ့သည့် “လမ်းမများပေါ်မှ သွေးစက်များ -Blood on the Streets” တွေ့ဆုံဆွေးနွေးပွဲအစီအစဥ်တွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ တိုက်ရိုက်ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းတွင် ဝန်ကြီးက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးတိုက်ပွဲအောင်မြင်ရေးအတွက် မြန်မာနိုင်ငံသားတိုင်းသာမက နိုင်ငံတကာက ဝိုင်း၀န်းလုပ်ဆောင်နေသည့်အကြောင်းကို အထူး၀မ်းသာမိပါကြောင်း၊ NUG အစိုးရအနေဖြင့် ပြည်တွင်းရှိ ပြည်သူများ၏ ဆက်လက်ကြိုးပမ်းမှုအပြင် ပြည်ပရောက် မြန်မာများနှင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို အထူးသဖြင့် လိုအပ်နေပါကြောင်း၊ ပြည်တွင်းအားနှင့် ပြည်ပအားကို ဟန်ချက်ညီညီ ပေါင်းစပ်ပြီး NUG အနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စများ ပိုမို၍ကောင်းမွန်လာအောင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ NUG အစိုးရအနေဖြင့် ဝေဖန်ထောက်ပြမှုများကို လက်ခံကြိုဆိုပါကြောင်း၊ အကြံဉာဏ်များပေးနိုင်သည့် လမ်းကြောင်းများလည်း ဖွင့်ထားပါကြောင်း နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများကိုလည်း လက်ကမ်းကြိုဆိုပါကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။