ကယားပြည်နယ် အခြေအနေ (မေ-၂၄)
မေလ (၂၃) ရက်နေ့ မွန်းလွဲ ၂ နာရီနောက်ပိုင်းကစပြီး လွိုင်ကော်မှာ မာရှယ်လော ထုတ်ပြန်လိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်၊ ဒီမော့ဆို၊ ဒေါငံခါး၊ (၆) မိုင်၊ ဖရူဆို၊ ဘောလခဲ၊ ငွေတောင်ဆည်၊ ငွေတောင်ရွာ၊ ကယန်းသာယာ၊ ဝါရီကောခူ၊ ကုန်းသာနဲ့ ပန်ကန်းတွေမှာ တိုက်ပွဲတွေ ဖြစ်သလို ရှမ်းပြည်နယ် တောင်ပိုင်းစွန်း ကယားပြည်နယ်စပ်က ပီကင်းကောခူ၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းက တောင်ပို့ကွဲကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာ မေလ ၂၄ ရက် ဒီကနေ့ မွန်းလွဲ ၂ နာရီကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ ဝင်လာတဲ့အတွက် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
ရှမ်းပြည်နယ် မိုးဗြဲမြို့မှာ မနေ့တုန်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ရာက ရဲ (၁၅) ဦးသေဆုံးပြီး (၄) ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ ကယန်းလူမျိုး ဓမ္မဆရာ မင်းအောင် ဆိုသူ တစ်ဦး ကျဆုံးခဲ့ပါတယ်။
ဒီမော့ဆိုမှာ ဒီမနက် ပစ်ခတ်မှု အနည်းငယ် ပစ်ခတ်ခဲ့ပေမယ့် နောက်ပိုင်း ငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမဲ့ အရင်ရက်တုန်းက ဒီမော့ဆိုနားက ဒေါငံခါးမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်တွေအကြား ပစ်ခတ်မှုတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စကစရဲ့ ဂိတ်တစ်ခုကို သိမ်းပိုက်ခဲ့ကြပါတယ်။
လွိုင်ကော်နဲ့ ဒီမော့ဆို လမ်းမပေါ်က ၆ မိုင် ကျေးရွာမှာလည်း မနေ့တုန်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စကစဖက်က လူအများအပြား ကျဆုံးခဲ့ရပါတယ်။ အခုလောလောဆယ် ဒီမော့ဆိုမှာ အင်တာနက်နဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ခံထားရပါတယ်။
ဖယ်ခုံအင်း အရှေ့ဖက်ကမ်းက တောင်ပို့ကွဲ ကျေးရွာမှာလည်း ပြည်သူ့ ကာကွယ်ရေးတပ်က PNO ပအို့ဝ်ပြည်သူ့စစ်တပ်ကို တိုက်ခိုက်ခဲ့ကြလို့ ပအို့ဝ်ပြည်သူ့စစ် ဖက်က ၄ ဦး ကျဆုံးခဲ့ပါတယ်။
ပအို့ဝ်ပြည်သူ့စစ်အဖွဲ့ဟာ ကရင်နီနယ်ဖက်မှာ ထိုးစစ်ဆင်နေတဲ့ စကစအတွက် အင်အားဖြည့်ဖို့ သွားရောက်နေတာ ဖြစ်ပါတယ်။
ကယားပြည်ကို သွားတဲ့ လမ်းတလျှောက်မှာ အတားအဆီးတွေ ချထားတဲ့အတွက် လမ်းခရီးနှောင့်နှေးမှု တချို့ ဖြစ်ပေါ်လို့ အခုဆိုရင် ရေကြောင်းကို အသုံးပြုပြီး စကစ ဖက်က အင်အားဖြည့်တင်းမှု လုပ်ခဲ့ပါတယ်။
လွိုင်ကော်မြို့မှာ ဒီကနေ့ မေလ ၂၄ ရက်တရက်ထည်းမှာ လေယာဉ် (၄) ကြိမ် ဆင်းသက်မှု လုပ်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့စစ်သား (၁၄၀) လောက် လာရောက် အားဖြည့်တယ်လို့ သိရပါတယ်။
လူထုအပေါ် ချိုးဖောက်မှုများ
မေလ (၂၃) ရက်နေ့မှာ လွိုင်ကော်မြို့ ပီကင်းကောခူကျေးရွာမှာ စစ်ဘေးရှောင်စခန်းဖွင့်လှစ်ထားပေမဲ့ စကစကနေ ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရွေ့ပြောင်းခဲ့ရပါတယ်။
ကက်သလစ် ဘုရားကျောင်းမှာ သက်ကြီးတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ခိုလှုံနေကြတဲ့အတွက် ဘုရားကျောင်းခေါင်မိုးမှာ အလံဖြူတွေ လွှင့်ထူပြီး မြင်သာ ထင်သာ ရှိအောင် လုပ်ဆောင်နေကြပါတယ်။ လွိုင်ကော်မြို့နယ် ကယန်းသာယာ (တောင်) ရွာဘက်မှာ ခရစ်ယာန်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ရှောင် ပြည်သူတွေရှိတဲ့ကျောင်းထဲကို အာဏာသိမ်းစစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့အမြောက်ကျည်ဆံ ကြောင့် ပြည်သူ (၄) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ဖယ်ခုံမြို့မှာ မနေ့ညတုန်းက လက်နက်ကြီးတွေနဲ့ တဖက်သတ် ပစ်ခတ်မှု လုပ်ခဲ့တဲ့အတွက် လက်နက်ကြီးမှ အတိုအစတွေ လွင့်စင်ရာက သခင်ယေဇူး ရွှေနှလုံးတော် ဘုရားကျောင်းရဲ့ ပြတင်းပေါက်တွေနဲ့ တံခါးတွေ ပျက်စီးသွားခဲ့ရပါတယ်။
မေလ (၂၃) ရက် မနက်မှာ ဘောလခဲမြို့မှာ ငါးမျှားပြန်လာခဲ့ အရပ်သား (၃) ဦးကို စကစက ပစ်ခတ်ခဲ့လို့ တဦးသေ တဦးဒဏ်ရာရခဲ့ပါတယ်။ မေလ (၂၂) ရက်မှာလဲ ဒေါတဝီရွာမှာ ဆိုက်ကယ်စီးပြန်လာခဲ့ အရပ်သား (၃) ဦးကို စကစတပ်က ပစ်ခတ်ခဲ့တဲ့အတွက် (၂) ဦး သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီကနေ့ မနက် ၉ နာရီလောက်မှာတော့ ဖယ်ခုံမြို့မှာ မာရှယ်လော ထုတ်ပြန်ပြီး လိုက်နာမှု မရှိရင် ပစ်မိန့်ပေး ထားတယ်လို့ ကြေညာထားပါတယ်။ လမ်းမကြီးပေါ်မှာ သွားလာမှု မရှိပေမယ့် လမ်းသွယ်တွေမှာတော့ ဆိုင်ကယ်နဲ့ သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ လူအများအပြားလည်း ဖက်ခုံမြို့ကနေ ထွက်ခွာရှောင်တိမ်းနေကြပြီလို့ ပြောပါတယ်။
ကယားပြည်နယ် ရှမ်း-ကယား နယ်စပ်တခွင်မှာ ပြည်သူ အများအပြား တောင်ယာတဲတွေမှာ သွားရောက် ခိုလှုံနေကြရပြီး တဲငယ်လေးတွေထဲမှာ စုပေါင်းနေထိုင်ကြရပါတယ်။ အပေါ်မှာ ရဟတ်ယာဉ် သို့ လေယာဉ် သို့ ဒရုန်းတွေ ဝဲလည်နေတာကို တွေ့ရတယ်လို့လည်း ကျေးရွာအများအပြားက သတင်းပေးပို့ထားပါတယ်။
ရွာကနေ ထွက်ပြေး တိမ်းရှောင်သူတွေထဲမှာ အသက် (၉၀) ကျော် အမျိုးသမီး၊ အမျိုးသား သက်ကြီးတွေအပြင် မွေးကင်းစ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။
ယနေ့အချိန်အထိ ပြည်တွင်း ပြောင်းရွှေ့နေထိုင်ရသူ IDP က ငါးသောင်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဆေးဝါး၊ ရေ၊ နေရာထိုင်ခင်း၊ အစားအစာအထူးလိုအပ်နေပါတယ်၊
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူက စုစုပေါင်း (၁၃၅) အထက် ရှိပြီး သေဆုံးသူ ၇ ဦး ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အသက် (၁၂) အရွယ် မိန်းကလေးငယ်အပါအဝင် အသက် မပြည့်သူ တချို့လည်း ပြန်လည် လွှတ်မြောက်လာပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့မှာတော့ လူ ၂၀ ဝန်းကျင်လောက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
Facebook
Twitter
LinkedIn
ဆက်စပ်ပိုစ့်များ

THE SYSTEMATIC ERASURE OF CIVILIAN EXISTENCE THROUGH PROPERTY DESTRUCTION IN MYANMAR (31st March, 2026)
THE SYSTEMATIC ERASURE OF CIVILIAN
Briefing:Rising Human Rights Violations Before the Sham Elections-November 2025
Briefing: Rising Human Rights Violations

Military Junta Launched An Airstrike against the Oil Lamp Strike in Bon To Village, Chaung – U Township, Sagaing Division
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက

Aerial Attack data from Jan-August 2025
တရားမဝင်အာဏာတည်မြဲရေးသက်တမ်းတိုးပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုများပိုမိုပြင်းထန်လာ စစ်အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း နိုင်ငံတဝန်းအကြမ်းဖက်မှုတွေဆက်တိုက်ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ
