လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံတွင် ပါဝင်ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံတွင် ပါဝင်ဆွေးနွေး

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ အာဆီယံ အရပ်ဘက် အဖွဲ့အစည်းများညီလာခံ/ အာဆီယံလူထုတွေ့ဆုံပွဲ၏ ဒုတိယအကြိမ် မျက်နှာစုံညီ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအစည်းအဝေးကို “Civic Space, Democracy and HR in the context of Militarism and Authoritarianism; Responses from the government, ASEAN Bodies and stakeholders” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် အွန်လိုင်းမှတဆင့် ပါဝင် ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အကျပ်အတည်းနှင့်ပတ်သက်၍ ရပ်တန့်နေသော အာဆီယံ၏ သံတမန်ရေးရာကိစ္စရပ်များကို အခြေခံကျကျပြောင်းလဲရန်နှင့် ဖြေရှင်းရေးသို့ ဦးတည်နိုင်ရန် ရည်ရွယ်၍ အောက်ပါအချက် ၅ ချက်ကို တောင်းဆိုခဲ့ပါသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူလူထုအား အမှန်တကယ် ကိုယ်စား ပြုသည့် တရားဝင် ရွေးကောက်တင်မြောက်ထားသော အစိုးရအဖြစ် အသိအမှတ်ပြုရန်နှင့် တရားမဝင် စစ်အာဏာရှင်တို့အား သံတမန်ရေးရာ အဆင့်အတန်း ပေးအပ်ခြင်းမပြုရန်၊
  • အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်၍ သံတမန်ဆက်ဆံရေး စာမျက်နှာ အသစ်တစ်ခုကို စတင်ရန်၊ ဤအကျပ်အတည်းတွင် စစ်အာဏာရှင်၏ ညှင်းပန်း နှိပ်စက်မှု များကို ခံစားရပြီး လျစ်လျူရှုခြင်းခံနေရသည့် မတူကွဲပြားသော မြန်မာနိုင်ငံသားများကို ဖိတ်ခေါ်၍ ဆွေးနွေးပွဲအသစ်တစ်ခု ပြုလုပ်ပေးရန်
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း၍ လျင်မြန်ပြီး သင့်လျော်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများ ဆောင်ရွက်ရန်၊
  • အာဆီယံအနေဖြင့် စစ်အာဏာရှင်တို့ကြေညာထားသော ရွေးကောက်ပွဲကို တရားမဝင် ကြောင်း ကြေညာ၍ လူသိရှင်ကြားပယ်ချရန်၊
  • မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်မည့် လုပ်ငန်း စဉ်ကို မြှင့်တင်ရန်၊
အဆိုပါဆွေးနွေးပွဲသို့ ASEAN Intergovernmental Commission on Human Rights (AICHR) ၏ အင်ဒိုနီးရှားသမ္မတနိုင်ငံ ကိုယ်စားလှယ်ဖြစ်သူ H.E. Yuyun Wahyuningrum နှင့် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေးကောင်စီဟောင်းတစ်ဦးဖြစ်သူ Jerald Joseph တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
 
အဆိုပါဆွေးနွေးပွဲသည် အာဆီယံအရပ်ဘက် အဖွဲ့အစည်းများ ညီလာခံ/ အာဆီယံလူထုတွေ့ဆုံပွဲ (၂၀၂၂) ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကာ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်တို့တွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့ နှင့်ပတ်သက်၍ အစိုးရ၊ အာဆီယံအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သူများ၏ တုံ့ပြန်ဆောင်ရွက်ပုံတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ်အကြောင်းအရာများ