“အောင်ပွဲဆီသို့ တို့ အတူသွားကြစို့” ခေါင်းစဉ်ဖြင့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲကို ပြည်ထောင်စု ဝန်ကြီး တက်ရောက်

“အောင်ပွဲဆီသို့ တို့ အတူသွားကြစို့” ခေါင်းစဉ်ဖြင့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲကို ပြည်ထောင်စု ဝန်ကြီး တက်ရောက်

မြန်မာ့နွေဦးတော်လှန်ရေး ၃-နှစ်ပြည့်အဖြစ် “အောင်ပွဲဆီသို့ တို့ အတူသွားကြစို့” ခေါင်းစဉ်ဖြင့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီအထိ ဆိုးလ်မြို့ ဂျွန်ထဲဟီးခန်းမ၌ ကျင်းပရာ ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ အနေနှင့် မြန်မာ့အရေးကို ယခုထက်ပိုမို၍ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးရန် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက စီစဉ်ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ Justice Party (정의당) မှ လွှတ်တော်အမတ် ဂျန်းဟဲ့ယောင် (장혜영) တက်ရောက်၍ မြန်မာ့နွေဦးတော်လှန်ရေးကို ဆက်လက်ထောက်ခံနေမည် ဖြစ်ကြောင်း နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားသည်။

ထို့ပြင် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ဘတ်ယောင်ဆွန်းက နှုတ်ခွန်းဆက်မိန့်ခွန်းကို ရုပ်သံဖိုင်ပေးပို့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အာဏာသိမ်း ၃ နှစ်ကာလအတွင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ NUG လူ့အခွင့်အရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ၊ မူဝါဒများ၊ အနာဂတ်အတွက် ပြင်ဆင်မှုများနှင့် NUG နိုင်ငံရေးလမ်းစဉ်ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကိုရီးယား အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ အနေနှင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ပိုမိုလုပ်ဆောင်ပေးသင့်သည့် အချက် ၈-ချက်ကို တောင်းဆိုလိုက်သည်။

ပထမ- NUG နှင့် တိုင်းရင်းသားများ၏ ပူးပေါင်းလုပ်ဆောင်မှုကို ပိုမိုအသိအမှတ်ပြု ထိတွေ့ဆက်ဆံရန်။ ဒုတိယ- ကိုရီးယားအစိုးရအနေနှင့် စစ်ကောင်စီအပေါ် လက်နက်တင်သွင်းမှု ပိတ်ပင်ရုံသာမက၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် စစ်ကောင်စီထံ ငွေကြေးစီးဆင်းနေသည့် လုပ်ငန်းများကိုပါ ပိတ်ပင်ရန်။ တတိယ- မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ အကူအညီများကို NUG နှင့် တိုင်းရင်းသားများထံသို့ တိုက်ရိုက်ပေး၍ ထိရောက်အောင် ဆောင်ရွက်ရန်။ ယင်းတွင် လူသားချင်းစာနာမှုအကူအညီများ၊ စစ်ဘေးကာကွယ်ရေးဆိုင်ရာ အသုံးအဆောင်နှင့် နည်းပညာများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ပညာရေးနှင့် ကျန်းမာရေး အကူအညီများ ပေးအပ်ရန်။ စတုတ္ထ- လူသားချင်းစာနာမှုအရ ကာကွယ်စောင့်ရှောက်ခြင်း၊ ခိုလှုံခွင့်ပေးခြင်းများကို တိုးမြှင့်ပေးရန်။ ပဉ္စမ- မြန်မာနိုင်ငံရှိ posco အပ်အဝင် ကိုရီးယားလုပ်ငန်းများအနေနှင့် စစ်ကောင်စီကို ထောက်ပံ့မှု မဖြစ်စေအောင် စိစစ်ကြပ်မတ်ပေးရန်။ ဆဋ္ဌမ- ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် ဖြစ်သဖြင့် ယင်းအခွင့်အရေးကို အသုံးချကာ မြန်မာ့အရေးကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ပေးရန်။ သတ္တမ- ကိုရီးယားနိုင်ငံတွင် နိုင်ငံတကာ ပြစ်မှုများကို အရေးယူနိုင်သည့် တရားရေးဆိုင်ရာ အခွင့်အရေးရှိပါက ယင်းကို အသုံးချ၍ စစ်ကောင်စီလုပ်ရပ်များကို အရေးယူနိုင်ရေး ကြိုးစားပေးရန်။ အဋ္ဌမ- စစ်ကောင်စီလုပ်ရပ်များအပေါ် ယောင်မှားထောက်ခံမှုမျိုး လုံးဝမလုပ်ဘဲ မြန်မာပြည်သူများနှင့်သာ လက်တွဲရန် တို့ဖြစ်သည်။

ဆွေးနွေးပွဲသို့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံသူ အဖွဲ့အစည်းများ တပ်ပေါင်းစုမှ ကိုယ်စားလှယ် ၃၀ ခန့်နှင့် အခြား စိတ်ပါဝင်စားသူများ တက်ရောက်၍ သိလိုသည်များကို တက်တက်ကြွကြွ မေးမြန်း ဆွေးနွေးကြသည်။

ဆက်လက်၍ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ၁၀၂၇ စစ်ဆင်ရေးနှင့် ယင်း၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော စစ်ရေး နိုင်ငံရေး အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ကိုရီးယား အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ အနေနှင့် စဉ်းစားသင့်သည်များ၊ ဆုံးဖြတ်သင့်သည်များကို ဆွေးနွေးတိုက်တွန်းသည်။ မြန်မာပြည်သူများအနေနှင့် နွေဦးတော်လှန်ရေး အောင်ပွဲရရမည်ဟု ယုံကြည်ထားသည့်အတိုင်း ကြိုးစားနေကြရာ မိမိတို့နှင့်အတူ ပါဝင်ကြပါရန် တောင်းဆိုလိုက်သည်။

ဆွေးနွေးပွဲတွင် ရုံးအဖွဲ့မှူး ဦးစိုးမိုးသူက ကိုယ်စားလှယ်ရုံး၏ ဆောင်ရွက်ချက်များနှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ရှင်းလင်းတင်ပြသည်။

တက်ရောက်လာသူများကို မြန်မာလက်ဖက်ရည် ဘိန်းမုန့်တို့ဖြင့် ဧည့်ခံပြီး၊ အခြားသိလိုသည့် အချက်များကိုလည်း ရင်းရင်းနှီးနှီး ဆက်လက်ဆွေးနွေး အကြံပြုကြသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။