ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်ပတ်သက်သည့် လေ့လာ သုံးသပ်မှုစာတမ်းအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရ့က်နေ့တွင် Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းလည်း တက်ရောက်၍ ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဥပဒေနှင့် ပတ်သက်သည့် လေ့လာသုံးသပ်မှုစာတမ်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက “အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများနှင့်အစီအစဥ်များ အားလုံးသည် လူ့အခွင့်အရေး စံချိန်စံညွှန်းများကို ထည့်သွင်းစဥ်းစားပြီး ကိုက်ညီစေခြင်း” နှင့် “လူ့အခွင့်အရေးနှင့် ကိုက်ညီမှုမရှိသော တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ခြင်း”တို့သည် ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းစဉ်များဖြစ်သောကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် ပတ်သက်သည့် အတိတ်နှင့် အနာဂတ် ခြုံငုံလေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ကြောင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ၎င်းဥပဒေနှင့် လက်ရှိ အခြေအနေတို့အား နိုင်ငံတကာ စံနှုန်းများနှင့် နှိုင်းယှဉ်သုံးသပ်ချက်များ၊ နိုင်ငံသားဖြစ်ခွင့် နည်းလမ်းများ၊ နိုင်ငံသားဖြစ်မှုနှင့် တရားဥပဒေစိုးမိုးမှု၊ ဖက်ဒရယ်မြန်မာနိုင်ငံတော် တည်ဆောက်ရာ တွင် ပြဋ္ဌာန်းရမည့် ဖက်ဒရယ်နိုင်ငံသားဖြစ်ခွင့် ဥပဒေကြမ်းအသစ်နှင့်ပတ်သက်သည့် အခြေခံ သဘောတရားများ၊ ရှေ့ဆက်သွားမည့်လမ်းစဉ်များ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် အဖွဲ့ဝင်များမှလည်း အကြံပြုချက်များ မျှဝေခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရာတွင် ပူးပေါင်းလုပ်ဆောင်နိုင်မည့် ကဏ္ဍများအား ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ အမြဲတမ်း အတွင်းဝန်တို့ တက်ရောက်ခဲ့ကြပါသည်။
ဆက်စပ်အကြောင်းအရာများ