အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန မိုဘိုင်းအင်တာနက်ဈေးနှုန်းများ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်သည့် ပူးတွဲထုတ်ပြန်ချက်

(၉) ရက်၊ ဇန်နဝါရီ ၂၀၂၂

၁။        အကြမ်းဖက်စစ်အုပ်စုသည် မြန်မာနိုင်ငံရှိ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်၍ မိုဘိုင်းအင်တာနက် ဈေးနှုန်းများကို ၂ ဆ မ နီးပါး တိုးမြှင့်ကောက်ခံရမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး၊ ဖုန်းခေါ်ဆိုခများကိုလည်း သိသိသာသာ တိုးမြှင့် လိုက်သည်ကို တွေ့ရသည်။ ထို့အပြင် ဇန်နဝါရီလ ၆ ရက်နေ့တွင် အင်တာနက်ဝန်ဆောင်မှုများ အပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့ပြီး ဆင်းကဒ်တန်ဖိုးများကိုလည်း တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေသည်။ အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ခက်ခဲကြပ်တည်းသွားသော ပြည်သူများ၏ ဘဝတွင် ယခုကဲ့သို့ အဆမတန်တိုးမြှင့်လိုက်သည့် အင်တာနက်သုံးစွဲမှုနှုန်းထားများကြောင့် နေ့စဉ်ဆက်သွယ်မှုများတွင် ပိုမိုခက်ခဲလာကြသည်။

၂။            ပြည်သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ သတင်းမှန်များကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန် အင်တာနက်နှင့် ဆိုရှယ်မီဒီယာတို့ကို အားထားနေရသည့် အခြေအနေမျိုးတွင် အကြမ်းဖက်စစ် အုပ်စု၏ အင်တာနက်သုံးစွဲမှုနှုန်းထားများတိုးမြှင့်လိုက်ခြင်းမှာ သုံးစွဲမှုကို လျော့ကျစေပြီး ပြည် သူများ သတင်းမှန်ရရှိနိုင်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်တားမြစ်လိုက်ခြင်းဖြစ်သည်။

၃။        ဒီမိုကရေစီစနစ်၏ ပြယုဂ်ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ဟုဆိုရာတွင် လွတ်လပ်စွာအင်တာနက်သုံးစွဲနိုင်ခြင်းသည်လည်း လူ့အခွင့်အရေး တစ်ရပ်ဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူထူထုအပေါ် အင်တာနက်သုံးစွဲမှုများ ထိန်းချုပ်ကန့်သတ်ထားခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက် ခြင်းဖြစ်သည်။

၄။        အများပြည်သူသုံး ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများမှ ရရှိသော ဝင်ငွေများသည် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ အဓိကဝင်ငွေစီးကြောင်းများထဲမှ တစ်ခုဖြစ်ပြီး ထိုဝင်ငွေများ မှာ ပြည်သူများအား အကြမ်းဖက်ဖိနှိပ်ရန်အတွက် လက်နက်များဝယ်ယူရန် ကြံရွယ်နေခြင်းဖြစ်သည်။

၅။        ယခုကဲ့သို့အများပြည်သူသုံးဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲခများအားတိုးမြှင့်ကောက်ခံမည့် ခြေလှမ်းများသည် ယခင်အာဏာရှင်အစိုးရလက်ထက်များတွင် Mobile SIM card များအား အဆမတန် ဈေးကြီးပေးဝယ်ရခြင်း၊ လူတန်းစားတရပ်သာ အသုံးပြုနိုင်ခြင်းကဲ့သို့သော အခြေအနေများဆီသို့ နောက်ကြောင်းပြန်လှည့်ကာ ပြည်သူများ၏ နေ့စဉ်ဘဝ သတင်းလွတ်လပ်ခွင့်နှင့် အင်တာနက် လွတ်လပ်ခွင့်တို့ကို ကြိုးကိုင်ထိန်းချုပ်လိုခြင်းပင်ဖြစ်သည်။

၆။        ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းရန်ကြိုးပမ်းမှု စတင်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ အကြမ်းဖက်စစ်အုပ်စုသည် ပြည်တွင်းရှိ ဆက်သွယ်ရေး ကုမ္ပဏီများကို ပေးလျက် အင်တာနက်လိုင်းများအား လုံးဝ သို့မဟုတ် အချိန်အကန့်အသတ်ဖြင့် ဖြတ်တောက်ခြင်း၊ ဝန်ဆောင်မှုအလိုက် ဖြတ်တောက်ခြင်း၊ နေရာဒေသအလိုက်ဖြတ်တောက်ခြင်း၊ ပစ်မှတ်ထားသည့် IPAddress များ၊ Website များအား ကန့်သတ်ပိတ်ပင်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် အင်တာနက်အသုံးပြုမှုဆိုင်ရာ ကန့်သတ်မှုများကို ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနများအနေဖြင့်မှတ်တမ်းတင်ထားပါသည်။

၇။           ၂၁ ရာစုတွင် အင်တာနက်လက်လှမ်းမီသုံးစွဲနိုင်မှုအား အခြေခံလူအခွင့်အရေးတစ်ရပ်အဖြစ် နိုင်ငံအများစုက ရှုမြင်ထားပြီးဖြစ်ရာ ထိုသို့သော လုပ်ဆောင်မှုများသည် ပြည်သူများ၏ အခြေခံ လူအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သာမက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) ပါ လူသားတိုင်း ရရှိသင့်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်း အချက်အလက်ရယူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများကိုပါ ချိုးဖောက်ခြင်းဖြစ်သည်။ “ Offline တွင် ရရှိသော လူ့အခွင့်အရေးများသည် Online တွင်လည်း တူညီစွာရရှိရမည်” ဟုလည်း ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အမြောက်အများတွင် အသိအမှတ်ပြုထားပြီးဖြစ်ရာ အင်တာနက်အသုံးပြုခွင့်ဆိုင်ရာ ကန့်သတ်မှုပုံစံအမျိုးမျိုးအားလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် မိမိတို့ မှတ်ယူသည်။

၈။        လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် အထက်ပါ အင်တာနက်အခွင့်အရေးချိုးဖောက်မှု ဆိုင်ရာကိစ္စရပ်များအား အနီးကပ်စောင့်ကြည့် မှတ်တမ်းတင်ကာ ကျူးလွန်သော ပုဂ္ဂိုလ်များ၊ အစုအဖွဲ့များအား အရေးယူနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ထိုလူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးယန္တရားများထံသို့ စဉ်ဆက်မပြတ် ပေးပို့လျက် တရားမျှတမှုဖော်ဆောင်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည်။

၉။        အကြမ်းဖက်စစ်အုပ်စုသည် အင်တာနက် အသုံးပြုမှုဆိုင်ရာ ကန့်သတ်ရန် ကြိုးပမ်းနေမှု အမျိုးမျိုးကို ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းသည် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနများအနေဖြင့် ခေတ်သစ်လူ့အခွင့်အရေးချိုးဖောက်မှုပုံစံဖြစ်သော အင်တာနက် ကန့်သတ်မှုဆိုင်ရာကိစ္စရပ်များအား စနစ်တကျ မှတ်တမ်းပြုစုထားပြီး ကျူးလွန်သူများနှင့် အစုအဖွဲ့များကို အရေးယူနိုင်ရန်အတွက်တာဝန်ခံမှု ဖော်ဆောင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူများ၊ အစုအဖွဲ့များအနေဖြင့် တရားဥပဒေရှေ့မှောက်တွင် ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများ ပြုလုပ်ခံရမည်ဖြစ်ပါသည်။

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။