ကရင်နီပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ခရစ်စမတ်အကြို အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
၅ ဇန်နဝါရီ ၂၀၂၂
ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်တွင် စစ်အုပ်စုက ခရစ်စမတ်အကြိုနေ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချသည်။ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကျူးလွန်ခံရသူမိသားစုများနှင့် ကရင်နီပြည်နယ်သားများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြလိုပါသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ တပ်မ ၆၆ သည် ကရင်နီပြည်နယ် ဖရူဆို မြို့နယ်တွင် အရပ်သားများကို ၎င်းတို့၏ ယာဉ်များနှင့်အတူ ဖမ်းဆီးထားခဲ့သည်ဟု သိရပြီး ဖမ်းဆီးခံရသည့် အရပ်သားအရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်ပါ။ စစ်အုပ်စု တပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို ကြိုးဖြင့်တုတ်၍ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ထိုးနှက်ခြင်း၊ မီးရှို့ခြင်း ပြုလုပ်ခဲ့ရာ၊ အရပ်သားများစွာ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါသည်။ ဖမ်းဆီးခံထားရသောအရပ်သား ပြည်သူများလွတ်မြောက်ရေးအတွက် သွားရောက်ညှိနှိုင်းခဲ့သည့် BGF အဖွဲ့ ဝင်လေးဦးကိုလည်း စစ်အုပ်စု တပ်ဖွဲ့ဝင်များက ကြိုးဖြင့်တုတ်နှောင်ကာ ရိုက်နှက်နှိက်စက်ခံခဲ့ပြီး ပစ်သတ်ခဲ့ပါသည်။
ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် အရပ်သား ၄၂ ဦးအထိ သေဆုံးခဲ့နိုင်ပါသည်။ ကနဦး ၊ ဘက်လေ့လာသုံးသပ်ချက်အရ မသန်စွမ်းသူတစ်ဦးအပါအဝင် အမျိုးသား (၂၆) ဦးနှင့် အသက် (၁၂) နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး (၅) ဦးပါဝင်သည်ကို အတည်ပြုဖော်ထုတ်နိုင်ပါသည်။
သတ်ဖြတ်ခံခဲ့ရသူများထဲတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ အမျိုးသားဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ သို့သော် မီးရှို့သတ်ဖြတ်ခံရသူများတွင် မည်သူ မည်ဝါပါဝင်သည်ကို ဖော်ထုတ်ရှာဖွေနိုင်ရန်အတွက် ကြိုးပမ်းကြရာတွင် အချို့သောရုပ်အလောင်းများသည် မီးလောင်ကျွမ်းမှုကြောင့် ဆိုးရွားစွာ ပျက်ဆီးသွားပြီဖြစ်သဖြင့် မည်သူမည်ဝါဖြစ်ကြောင်းဖော်ထုတ်နိုင်ရန်သော်လည်းကောင်း၊ အခြားသော သတ်ဖြတ်ခံခဲ့ရသူရုပ်အလောင်းများ၏ မီးကြွမ်းနေသော အစိတ်အပိုင်းများနှင့်ခွဲထုတ်စစ်ဆေးနိုင်ရန်သော်လည်းကောင်း ခက်ခဲလျက်ရှိပါသည်။
ပျောက်ဆုံးကြောင်းသတင်းပေးပို့သည့်အမည်စာရင်းတွင် အသက်(၁၈) နှစ်အောက် ယောက်ျားလေး(၅) ဦးပါဝင်ပါသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှုတ်ချကြောင်းအလျင်အမြန် ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် တိုက်တွန်းနှိုးဆော်ခဲ့သည့် အပေါ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့်ကြိုဆိုပါသည်။ ထို့အတူ UNICEF နှင့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာ ဒုတိယအထွေထွေအတွင်းရေးမှုးချုပ်နှင့် အရေးပေါ်အကူအညီဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးတို့က ဤဖြစ်စဉ်အပေါ် ရှုတ်ချခဲ့မှုတို့ကိုလည်း ကြိုဆိုပါသည်။
စစ်အုပ်စုသည် လူသိရှင်ကြား ထုတ်ပြန်ချက်ဖြင့် ထိုသို့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ၎င်းတို့ ကျူးလွန်ကြောင်း ဝန်ခံထားပြီးဖြစ်သည်။“ အရပ်သားများကို “ အကြမ်းဖက်များ” ဟု ၎င်းတို့က တံဆိပ်ကပ်ခဲ့ပြီး၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ ဝန်ထမ်းများ ပါဝင်နေခြင်းနှင့် သတ်ဖြတ်ခံခဲ့ရခြင်းကိုမူ ဖော်ပြခြင်း မရှိခဲ့ပါ။ ထို့အပြင် မီးရှို့သတ်ဖြတ်ခံရသူများကို သတ်ဖြတ်ခြင်း မပြုမီ မလှုပ်ရှားနိုင်အောင် ကြိုးဖြင့် တုတ်ထားခြင်းတစ်ခု တည်းကပင်လျှင် စစ်ရာဇဝတ်မှုများအဖြစ် ရောက်ရှိနေပြီးဖြစ်သည်။
ခရစ်စမတ်အကြို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် အကြမ်းဖက်သတ်ဖြတ်မှု ကွင်းဆက်များ အနက် လတ်တလောဖြစ်ရပ်တစ်ခုသာဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ၊ ၁ ရက်နေ့မှစတင်ခဲ့သည့် မအောင်မြင်သော အာဏာသိမ်းမှုအဖြစ် ကျယ်ပြန့်စွာ လက်ခံထားကြသော အာဏာသိမ်းရန် ကြိုးပမ်းမှုစတင်စဉ်ကတည်းကပင် စစ်အုပ်စုသည် အကြောက်တရားဖြင့် အုပ်ချုပ်နိုင်ရန်အတွက် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ပမာဏအားဖြင့်ရော၊ သဘာဝအားဖြင့်ပါ တိုးမြှင့် ကျူးလွန်လာနေခဲ့ခြင်းဖြစ်သည်။
အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခြင်းသည် ထိုနည်းလမ်းများအနက်မှ တစ်ခုပင်ဖြစ်သည်။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင်ဖြစ်ပျက်ခဲ့သည့် အလားတူဖြစ်စဉ်တစ်ခုတွင် ၁၈ နှစ်အောက် ယောက်ျားလေး (၅) ဦးအပါအဝင် အရပ်သားအမျိုးသား (၁၁) ဦးကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ကြိုးဖြင့်တုတ်၍အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့သည်။
အစောပိုင်းကာလတွင် အကြမ်းဖက်မှုနှင့် အစုလိုက်အပြုံလိုက် အပြစ်ပေးမှုများအနက်တစ်ခုမှာ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကလေးသူငယ်များအပါအဝင်အနည်းဆုံး အမျိုးသား (၄၀)ဦးကို နှိပ်စက်၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပါသည်။နောက်ထပ်တစ်ခုမှာ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကားဖြင့် ဝင်ရောက် ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အရပ်သား (၅)ဦးအနည်းဆုံးသေဆုံး၍ အရပ်သားများစွာ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ဖြစ်ပြီး ကုလသမဂ္ဂကလည်း ထိုဖြစ်ရပ်ကို ရှုတ်ချထားခဲ့ပြီးဖြစ်သည်။
ထိုအကြမ်းဖက်လုပ်ရပ်များသည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မဟာဗျူဟာတစ်ရပ်အနေဖြင့်ကျယ်ပြန့်ပြီး စနစ်တကျ ကျူးလွန်နေသည့် လုပ်ရပ်များဖြစ်ပြီး စစ်အုပ်စု၏ အမြင့်ဆုံး တာဝန်ရှိသည့်အဆင့်များက လမ်းညွှန်လုပ်ဆောင်နေခြင်းဖြစ်သည်။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏အခြားသော ထိပ်ပိုင်းခေါင်းဆောင်များသည် ထိုရာဇဝတ်မှုများအတွက် တိုက်ရိုက် တာဝန်ရှိပြီး မဖြစ်မနေ တရားစီရင်အရေးယူခံရမည်ဖြစ်သည်။
လုံခြုံရေးကောင်စီအနေဖြင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် တိုက်တွန်းထားသည့်အလျောက် မြန်မာ့အရေးဆွေးနွေးရန်အတွက် မျက်နှာစုံညီအစည်းအဝေးကို ချက်ချင်းခေါ်ယူရမည်ဖြစ်ပြီး စစ်ကောင်စီထံ လက်နက်နှင့် ငွေကြေးစီးဆင်းမှုကို ပိတ်ဆို့ရေးနှင့် စစ်အုပ်စုကို ၎င်းတို့၏ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) သို့လွှဲပြောင်းပေးရေးအတွက် ဆုံးဖြတ်ချက်တစ်ရက်ကို ချမှတ်ရမည်ဖြစ်သည်။ လုံခြုံရေးကောင်စီသည် စစ်အုပ်စုကို ၎င်းတို့၏ ကျူးလွန်မှုများနှင့် လျော်ညီစွာ အကြမ်းဖက်အဖွဲ့ အစည်းတစ်ရပ်အဖြစ်စာရင်းသွင်းကြေညာနိုင်ရေးကိုလည်း ချက်ချင်း ဆောင်ရွက်ရမည်ဖြစ်သည်။
