လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းမှ ပြည်သူသို့ ပန်ကြားချက်

နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနတွင် တာ၀န်ပေးအပ်ခြင်းကို ခံရသည့်အတွက် အထူးဂုဏ်ယူ၀မ်းမြောက်မိပါကြောင်းနှင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲ၀င်နေကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ တော်လှန်သော မျိုးဆက်ပေါင်းစုံနှင့်အတူ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ လူ့အခွင့်အရေး ပြန်လည်ထွန်းကားရေးများ လက်တွဲလုပ်ဆောင်ခွင့်ရတဲ့အတွက် အထူးကျေနပ်၀မ်းမြောက်မိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ၀န်ကြီးဌာနတခုဖြစ်သော လူ့အခွင့်အ‌ရေး၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းမှ ပြောကြားသွားသည့်အပြင် အဘယ်သို့သော အနာဂါတ်မျိုးဆက်မှ မည်သို့ပုံစံရှိသည့် အာဏာရှင်စနစ်အောက် မကျရောက်စေရေး ဝိုင်း၀န်းလက်တွဲလုပ်ဆောင်ကြရန် ပန်ကြားလိုက်ခြင်း

မဂ်လာပါခင်ဗျာ။

နွေဦးတော်လှန်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ယုံယုံကြည်ကြည်တာဝန်ပေးအပ်ခြင်းကို ခံရတဲ့ အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်။ အထူးသဖြင့် အာဏာရှင် စနစ်ကို ရဲရဲဝံ့ဝံ့တွန်းလှန်တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ တော်လှန်သောမျိုးဆက်ပေါင်း များစွာနဲ့အတူ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်‌ရေးနဲ့ လူ့အခွင့်အရေးပြန်လည်ထွန်းကားဖို့ လက်တွဲလုပ်‌ဆောင် ခွင့်ရရှိတဲ့အတွက် ပိုမိုကျေနပ်ဝမ်းမြောက်မိပါတယ်။

လူ့အခွင့်အရေးဆိုတာ လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးတရပ်ဖြစ်ပါတယ်။ အသားအရောင်၊ လိင်၊ ကိုးကွယ် တဲ့ဘာသာ၊ လူမျိုး၊ ဘသာစကား၊ အဆင့်အတန်း၊ ခန္ဓာကိုယ်သန်စွမ်းမှုနဲ့ လိင်စိတ်ခံယူမှုအပါအဝင် ဘယ်လို အကြောင်းတရားပေါ်မှာမှ အခြေခံပြီး ခွဲခြားလို့ မရနိုင်ပါဘူး။ မွေးရာပါလူ့အခွင့်အ‌ရေးကို ဘယ်သူမှလဲ အဓမ္မ ယူဆောင်သိမ်းပိုက်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အ‌ရေးဆိုတာ လူ့ဂုဏ်သိက္ခာနဲ့အတူတူ မွေးကထဲကပါလာခဲ့တာဖြစ်လို့ပါဘဲ။ ဒါပေမဲ့ မြန်မာပြည်သူလူထုတွေဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နေ့စဥ်နေ့တိုင်း ရင်ဆိုင်ကြုံတွေ့နေရတာ အထူးကြေကွဲဝမ်းနည်းစရာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေကို အင်အားသုံးဖြိုခွင်းမှုတွေ၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ၊ နှိပ်စက် ညှင်းပမ်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ တိုင်းရင်းသားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ဘဝတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အဆိုးဝါးဆုံးရောက်ရှိနေတာကို ထင်ထင်ရှားရှားဖော်ပြ နေပါတယ်။ ဒါပေမဲ့ တဖက်မှာလဲ တိုင်းရင်းသားပြည်သူတွေဟာ ချိုးဖောက်ခံနေရတဲ့ မိမိတို့ရဲ့ လူ့အခွင့်အ‌ရေး တွေအတွက် အခုအချိန်အထိ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေတာကို တွေ့ရတဲ့အတွက် ပြည်သူလူထုရဲ့  လူ့အခွင့်အရေးအပေါ် ယုံကြည်ချက်နဲ့ တန်ဖိုးထားမှုတွေကို အထူးလေးစားဂုဏ်ယူမိပါတယ်။

ကျနော်တာဝန်ထမ်း‌ဆောင်မဲ့ဝန်ကြီးဌာနဟာ အစိုးရတိုင်းအစိုးရတိုင်းမှာ တာဝန်ရှိတဲ့ လူ့အခွင့်အရေးကို လေးစားခြင်း၊ ကာကွယ်ပေးခြင်း၊ မြှင့်တင်ပေးခြင်းဆိုတဲ့ တာဝန်သုံးရပ်ကို ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ အခုလိုတော်လှန်ရေးကာလမှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ပြည်သူလူထုတိုင်း ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှု တွေရှိနေသည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ လူ့အခွင့်အ‌ရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ကျနော်တို့ဝန်ကြီးဌာနက တာဝန်တွေကို ထမ်းဆောင်သွားမှာပါ။ ဒီလိုတာဝန်ထမ်းဆောင်သွားတဲ့နေရာမှာ အောက်ပါလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမဲ့အကြောင်း အသိပေးတင်ပြလိုပါတယ်။

 (၁) လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်ကြားနိုင်တဲ့ယန္တယားကို ထူထောင်ပြီး စနစ်တကျမှတ်တမ်းတင်ခြင်း

စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေဟာ ဒီလို ကျူးလွန်မှုတွေဟာ လူ့အခွင့်အရေးချိုး‌ဖောက်မှုသက်သက်သာမဟုတ်တော့ဘဲ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ရာဇဝတ်မှု အဆင့်အထိ ရောက်ရှိလို့နေပါပြီ။ စစ်အုပ်စုဟာ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို တနိုင်ငံလုံးမှာ အလွန်အကျွံ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပါတယ်။ ဒီလို ကျူးလွန်မှုတွေကို သမိုင်းမှတ်တမ်းတင်နိုင်ဖို့အတွက် မပျောက်ပျက် အောင် ထိမ်းသိမ်းဖို့ အထူးအရေးကြီးလှပါတယ်။ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု (Transitional Justice) လမ်းကြောင်းကိုသွားတဲ့အခါမှာ ဒီလိုချိုးဖောက်မှုတွေက ခိုင်မာတဲ့အထောက်အထားတွေဖြစ်တဲ့အတွက် သေသေချာချာသိမ်းဆည်းနိုင်တဲ့စနစ်တခုထားရှိပြီး လုံခြုံစွာ ထိမ်းသိမ်းထားနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါ တယ်။ ဒါမှသာ အမှန်တရားနဲ့ တရားမျှတမှုဖော်ဆောင်နိုင်တဲ့အချိန်ကျရင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် စွန့်လွှတ်တိုက်ပွဲဝင်သွားကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေနဲ့ ဒေသအသီးသီးက လူ့အခွင့်အရေးချိုးဖောက်ခံ တိုင်းရင်းသားပြည်သူတွေအတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

(ခ) ပြစ်ဒဏ်မှ ကင်းလွတ်နေမှု (culture of Impunity) ကို ရပ်တန့်စေအောင် လုပ်ဆောင်ခြင်း

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ယူမှုတာဝန်ခံမှုတွေက မရှိသလောက်ဖြစ်ခဲ့ပါတယ်။ အပြစ်ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်ပေးနိုင်တဲ့အခြေအနေမျိုးမရှိဘဲ အပြစ်ကင်းလွတ်နေခဲ့တာ ဆယ်စု နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပါပြီ။ ဒီလိုအစဥ်အလာရှိနေခြင်းက ကျူးလွန်ခံရတဲ့သူတွေအတွက် အားကိုးစရာ မရှိတဲ့ စိတ်ခံစားချက်မျိုးပေါက်ဖွားစေပါတယ်။ တဖက်ကလဲ ကျူးလွန်မှုအပေါ်အပြစ်ပေးအရေးမယူနိုင်တဲ့ အတွက်ကြောင့် ပိုမိုဆိုးဝါးတဲ့ပြစ်မှုတွေကို လက်ရဲဇက်ရဲ ဆက်လက်ကျူးလွန်ခွင့် ပေးလိုက်သလိုဖြစ်စေ ပါတယ်။ ဒါကြောင့် အပြစ်ကျူးလွန်သူတွေကို အပြစ်က ကင်းလွတ်စေတဲ့ အစဥ်အလာကြီးကို ရပ်တံ့နိုင်ဖို့ အတွက် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားပါမယ်။ နိုင်ငံတကာလူ့အခွင့်အရေး ယန္တယားအပြင် နိုင်ငံတကာ ရာဇဝတ်မှုလုပ်ထုံးလုပ်နည်းတွေအရ ကျူးလွန်မှုမှာ တာဝန်ရှိတဲ့သူတွေကို တာဝန်ယူမှုရှိစေဖို့အတွက် ကုလသမဂ္ဂနှင့်အတူ နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။  မြန်မာနိုင်ငံလူ့အခွင့် အရေးနဲ့ပတ်သက်ပြီး လက်ရှိ လုပ်ဆောင်နေတဲ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊  မြန်မာနိုင်ငံ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိ၊ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်စုံစမ်းစစ်ဆေးရေး မစ်ရှင်၊ အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်အပါအဝင် အခြားသော လုပ်ဆောင်နေသူများနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

(ဃ) လူ့အခွင့်အရေးအသိအမြင်များ ထွန်းကားလာအောင် လုပ်ဆောင်ခြင်း

လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတဲ့ အစိုးဌာနတွေနဲ့ ပြည်သူလူထုတရပ်လုံးကြားမှာ လူ့အခွင့်အရေးအကြောင်းအရာတွေကို လေးစား၊ ကာကွယ်လိုတဲ့စိတ်တွေပေါက်ဖွားလာဖို့အတွက် လူ့အခွင့်အရေးရဲ့ အနှစ်သာရသဘောတရားတွေကို သဘောပေါက်နားလည်ဖို့ အထူးအရေးကြီးပါတယ်။ အချင်းချင်း လေးစားတန်ဖိုးထားမှုတွေ၊ မတူကွဲပြားမှုတွေလက်ခံနိုင်မှုတွေ၊ လူတိုင်းရဲ့လူ့အခွင့်အရေးကို ကာကွယ်ပေးချင်တဲ့စိတ်ထားတွေရှိလာစေဖို့အတွက် အသိပညာပေးမှုတွေကို ဝန်ကြီးဌာနအနေနဲ့ စီမံချက်များ ချမှတ်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွန်းတွေ၊ စာချုပ်စာတမ်းတွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးလုပ်ငန်းစဥ်တွေကို အများပြည်သူတွေနားလည်လက်ခံကျင့်သုံးနိုင်ဖို့အတွက် ကျောင်းတွင်းကျောင်းပြင်ပ အသိပညာပေးမှုတွေကို ဝန်ကြီးဌာနအနေနဲ့ စီမံကိန်းချမှတ်လုပ်ဆောင်သွားမှာပါ။

ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ရာမှာ အရပ်ဘက်လူထုအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုက အထူးအရေးကြီးလှပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာကထဲက ချိုးဖောက်ခံခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေ၊ အချက်အလက်စုဆောင်းနေသူတွေ၊ လူ့အခွင့်အရေးကို လုပ်ဆောင်နေတဲ့ ပြည်တွင်းပြည်ပ အရပ်ဖက် အဖွဲ့အစည်းတွေ တတ်သိပညာရှင်တွေများစွာရှိပါတယ်။ သူတို့တွေရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေနဲ့ အကြံဥာဏ်တွေဟာ ကျနော်တို့ဝန်ကြီးဌာနအတွက် အထူးတန်ဖိုးရှိမယ်ဆိုတာကို ယုံကြည်တဲ့အားလျော်စွာ ကဏ္ဌအလိုက်တွေ့ဆုံဆွေးနွေးမှုများကို အမြန်ဆုံး စဥ်ဆက်မပြတ်လုပ်ဆောင်သွားပါမယ်။ အကြံဥာဏ်များ ရယူယုံတင်မက အားလုံးနဲ့ လက်တွဲပူးပေါင်းပြီး ကျနော်တို့လုပ်ဆောင်နိုင်မဲ့လုပ်ငန်းစဥ်များကို ချမှတ်ဆောင်ရွက် သွားပါမယ်။ ဒီလိုတွေ့ဆုံခြင်းဖြင့် လူ့အခွင့်အရေးကာကွယ်ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ရာမှာ တန်ဖိုးရှိတဲ့ အကြံပြုချက်တွေနဲ့အတူ လက်တွဲပူးပေါင်းနိုင်မဲ့ အစီအစဥ်များရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့နဲ့ ပါဝင်ပူးပေါင်းပေးဖို့လဲ လေးစားစွာ တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်။

လူ့အခွင့်အ‌ရေးဟာ လူတိုင်းရရှိခံစားခွင့်ရှိတဲ့ အရာဖြစ်ပါတယ်။ တဖက်ကလဲ လူ့အခွင့်အ‌ရေးကို လေးစားဖို့နဲ့ ကာကွယ်ဖို့က လူတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ လူ့အခွင့်အရေးယဥ်ကျေးမှုတရပ်ထွန်းကားဖို့အတွက် ကျနော်တို့ ဝန်ကြီးဌာနဟာ ပြည်သူတွေကို အလေးထားပြီး လက်တွဲလုပ်ဆောင်သွားမှာဖြစ်တယ်။ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနဟာ ခွဲခြားမှုမရှိဘဲ ပြည်သူများအားလုံးအတွက် ကြိုးပမ်းလုပ်ဆောင်သွားမဲ့ ပြည်သူများရဲ့ ဝန်ကြီးဌာနတခုဖြစ်တယ်ဆိုတာ ရဲရဲဝံ့ဝံ့ ကတိပြုပါရစေ။  ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ကြိုးပမ်းလုပ်ဆောင်ခွင့်ပေးပါ။ ဝိုင်းဝန်းလက်တွဲပါဝင်ပေးပါလို့လဲ တိုက်တွန်းလိုပါတယ်။

သမိုင်းတခေတ်မှာ ကျရောက်လာတဲ့ တာဝန်ကို ဝိုင်းဝန်းထမ်းဆောင်ကြရင်းနဲ့ အနာဂတ်မျိုးဆက်တွေ ဘယ်လိုအာဏာရှင်လက်အောက်မှာမှ ထပ်မရောက်အောင် ကြိုးပမ်းကြပါစို့။

အရေးတော်ပုံအောင်ရမည်။

ဦးအောင်မျိုးမင်း