၂၀၁၇ ခုနှစ် ရိုဟင်ဂျာပြည်သူများအားရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သောရာဇဝတ်မှုများ၏ သတ္တမ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီးခွန်းဗဟန်းထန် တက်ရောက်
သြဂုတ် – ၂၆
သြဂုတ်လ ၂၅ ရက်နေ့တွင် ကျရောက်သော ၂၀၁၇ ခုနှစ် ရိုဟင်ဂျာပြည်သူများအားရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သောရာဇဝတ်မှုများ၏ သတ္တမ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယင်းနေ့ မွန်းလွဲ ၂ နာရီချိန်တွင် အွန်လိုင်းမှ တဆင့်ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်းဗဟန်းထန် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၏ အမှာစကား၌ “၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်မှ ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇဝတ်မှုများ၏ သတ္တမမြောက် အထိမ်းအမှတ် နှစ်ပတ်လည်နေ့ကို ဝမ်းနည်းမှုများစွာဖြင့် အသိအမှတ်ပြုပါကြောင်း၊ (၇) နှစ်တာကာလနှင့် ယခုချိန်အထိ ရိုဟင်ဂျာပြည်သူတစ်သန်းကျော်မှာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် ကျပ်တည်းဆင်းရဲစွာနေထိုင်နေကြရဆဲဖြစ်ကြောင်း၊ခေတ်အဆက်ဆက်မှာ ရိုဟင်ဂျာပြည်သူများအပါအ၀င် အခြားသော လူနည်းစုဘာသာဝင်များ၊ လူနည်းစု မျိုးနွယ်အုပ်စုများကို နှစ်ပေါင်းများစွာ ဖယ်ကျဉ် ခွဲခြားဆက်ဆံခဲ့စေသော မူဝါဒအမှားများ၊ အလေ့အကျင့်များနှင့် ပြုမှုပြောဆိုမှုများ၊ လုပ်ရပ်အမှားများစွာလည်း ရှိခဲ့ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားမဲ့ပြုကျင့်မှု ခံနေရသည့် ရိုဟင်ဂျာများအပါအဝင် လူမျိုးစုအသီးသီးနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ တရားမျှတမှု ရရှိဖို့ရာအတွက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအောင်မြင်ပြီးကာလနောက်ပိုင်းမှာ ရိုဟင်ဂျာပြည်သူများ မိမိတို့နေရပ်သို့ မိမိကိုယ်ပိုင်ဆန္ဒသဘောဖြင့်၊ ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်လည်အခြေချနိုင်ရေး အတွက် သဘောထား၊မူဝါဒတွေကို ချထားပြီးသားလည်းဖြစ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားမဲ့ပြုကျင့်မှု ခံနေရသည့် ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအသီးသီးနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ တရားမျှတမှု ရရှိဖို့ရာအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ကျဆုံးပြီး ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် လူမျိုးစု၊ လူနည်းစုများအား ကာကွယ်ပေးရေးတို့အပေါ် အခြေခံတည်ဆောက်ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုအခြေခံပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် လူမျိုးအသီးသီး ဘာသာအသီးသီးမှ နိုင်ငံသူ၊ နိုင်ငံသား ပြည်သူတစ်ရပ်လုံးနှင့် အတူတကွ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့ အခမ်းအနားကျင်းပရေးကော်မတီမှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်းဗဟန်းထန် နှင့် တာဝန်ရှိသူများတက်ရောက်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ဆက်စပ်အကြောင်းအရာများ


