ခုခံတွန်းလှန်မှုများတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာကြပါရန်

ခုခံတွန်းလှန်မှုများတွင် လူ့အခွင့်အရေးကို
လေးစားလိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် တရားမဝင် စစ်ကောင်စီ၏ မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် လူအခွင့်အရေး ချိုးဖောက်မှုများ၊ နိုင်ငံတကာဥပဒေများအား ချိုးဖောက်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော  မှတ်တမ်းများကို စနစ်တကျ ကောက်ယူလျက်ရှိပါသည်။  ယင်းကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ပြီး ကျူးလွန်ခံရသူများအတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။

တရားမဝင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုကို တွန်းလှန်ရန်အတွက်  ပြည်တွင်းပြည်ပရှိ ပြည်သူများက နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်နေကြသည့်အပေါ် လေးစားဂုဏ်ပြုအပ်ပါသည်။ တဖက်တွင်လည်း  စစ်အာဏာရှင်ကို တွန်းလှန်ရင်း နိုင်ငံတကာ စစ်ပွဲဥပ‌ဒေဿများနှင့် လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံညွန်းများအား ချိုးဖောက်မှု မရှိစေရန် ကာကွယ်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

စစ်ဘက်ဆိုင်ရာကျင့်ဝတ်များတွင် အရပ်သားပြည်သူများကို ထိခိုက်ပျက်စီးစေမှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ရမည်ဟု ဆိုထားပါသည်။ စစ်ရေးဆိုင်ရာပစ်မှတ် သတ်မှတ်ရာတွင် အရပ်သားပြည်သူများအား ခြိမ်းချောက်ခြင်း၊ ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရဟုလည်း ဖော်ပြထားပါသည်။ ထို့ပြင် လက်နက်ချအညံ့ခံသူများနှင့် စစ်သုံ့ပန်းများအား တိုက်ခိုက်ခြင်းနှင့် နှိပ်စက်ခြင်း မပြုရဟုလည်း ဆိုထားပါသည်။

တရားသော တော်လှန်စစ်ကို ဆင်နွဲနေကြသူတိုင်းသည် ဖိနှိပ်မှုကို တွန်းလှန်သည်ဆိုရာတွင်လည်း မိမိတို့၏ လုပ်ရပ်တိုင်းသည် တရားမျှတမှုကို ရှေးရှုသောလုပ်ရပ်များ ဖြစ်ကြရပါမည်။ တဖန် မည်သည့်အခြေအနေတွင်ဖြစ်စေ ခိုင်လုံသောအထောက်အထားမရှိပဲ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို ဆောင်ရွက်မိပါက ယင်းအတွက် တချိန်ချိန်တွင် တာဝန်ယူ၊ တာဝန်ခံရမည်ကို နားလည်သဘောပေါက်ထားရန်လည်း အရေးကြီးပါသည်။ တွန်းပို့လာသော အခြေအနေအရ မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက်သာ လက်နက်ကို အသုံးပြုရသော်လည်း မိမိတို့သည် လူ့အခွင့်အရေးကို လေးစားလိုက်နာသူများဖြစ်ကြောင်း သက်သေပြရန် လိုအပ်ပါသည်။

ထို့ကြောင့် တရားမဝင်အကြမ်းဖက်စစ်‌ကောင်စီကို ဘက်ပေါင်းစုံက တွန်းလှန်နေကြသောသူများအနေဖြင့် မုန်းတီးလက်စားချေလိုသောစိတ်ကို အခြေခံ၍ အကြမ်းဖက်လုပ်ဆောင်ခြင်းများ၊ ခိုင်လုံသောအထောက်အထားမရှိပဲ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ အရပ်သားများ အထူးသဖြင့် ကလေးသူငယ်များကို အကြမ်းဖက်တိုက်ခိုက်ရန်အတွက် လှုံ့ဆော်ရေးသားပြောဆိုခြင်းများအား ‌ရှောင်ကြဉ်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်သည်။

(၂၉) ရက်၊ အောက်တိုဘာ ၂၀၂၁

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။