အကြမ်းဖက်စစ်အုပ်စုက ယင်းမာပင်မြို့နယ်မှ မူကြိုကလေးငယ် ၈ဝ – ဦးခန့်ကိုဓားစာခံအဖြစ် ဖမ်းဆီးထားသည့်အပေါ် ထုတ်ပြန်ချက်

၂၇ ဖေဖော်ဝါရီ ၂၀၂၂

၁။           အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက် ၉ နာရီခန့်မှစတင်၍ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုံရွာနှင့် နီးစပ်ရာ ကျေးရွာများကို စစ်ရေးနှင့် အရပ်ဘက် ပစ်မှတ်များကို မခွဲခြားပဲ လေကြောင်းမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များ ကျေးရွာများအတွင်းသို့ စီးနင်းခဲ့ချိန်သည် ချင်းပူးရွာရှိ မူကြိုကျောင်းတွင် အသက်ငါးနှစ်အောက် ကလေးငယ် ၈၀ ဦးနှင့် ကွန်ပြူတာ သုံးစွဲမှု သင်ကြားနေသူ အသက် ၁၂ နှစ်အောက်ကလေးငယ်များ ပညာသင်ကြားနေချိန်ဖြစ်သည်။ အကြမ်းဖက်စစ်တပ်ဝင်ရောက်လာသည့်အတွက်ဆရာ၊ ဆရာမများက ကလေးငယ်များကို နီးစပ်ရာ ဘုန်းကြီးကျောင်းဝင်းရှိ မြေအောက်ခန်းတွင်းသို့ရွှေ့ပြောင်းခဲ့ကြပါသည်။ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များက ညနေပိုင်းတွင် ထိုကလေးငယ်များကိုမြေအောက်ခန်းမှ ထုတ်၍ ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခံရမှုတွင် ပါဝင်သည့် ကလေးငယ်များကို မူကြိုကျောင်းမှ သွားရောက်ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် မိဘတချို့ကိုလည်း အကြမ်းဖက်တပ်များကထပ်မံဖမ်းဆီးခဲ့ပါသည်။ ရွာသားများ ပြန်မလာပါက ရွာကို မီးရှို့ပစ်မည်ဖြစ်ကြောင်း လော်စပီကာမှတဆင့် ကြေညာနေသည်ဟု သိရှိရသည်။

၂။            လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ အနေဖြင့် ယခုဖမ်းဆီးမှုသည် ကလေးများကို ဓားစားခံအဖြစ် ဖမ်းဆီးထားမှုဖြစ်သည်ဟုယူဆသည်။ ထို့အပြင် ဖမ်းဆီးခံထားရသော ကလေးများ၊ ဆရာဆရာမများနှင့် မိဘများအပေါ် တစ်စုံတစ်ရာထိခိုက်နိုင်မည်ကို အလွန်အမင်းစိုးရိမ်ပူပန်ပါသည်။ ယခုကဲ့သို့သောလုပ်ရပ်သည် ပဋိပက္ခကာလအတွင်း ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုဖြစ်သည့်အတွက် အပြင်းအထန် ရှုတ်ချသည်။

၃။           အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ကလေးသူငယ်များ၊ ဆရာဆရာမများနှင့် မိဘများကို ထပ်မံ၍ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုမပြုပဲ ချက်ချင်းလွှတ်ပေးရမည်။ ကလေးသူငယ်များ၊ ဆရာဆရာမများနှင့် မိဘများ၏ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် ပြန်လည်ကုစားနိုင်ရေးအတွက် ရနိုင်သမျှသော နည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာနများမှ ကြိုးပမ်းမည်။ နိုင်ငံတကာအသိုင်းအဝိုင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့်လည်း ကလေးသူငယ်များ လွတ်မြောက်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကုစားရေးအတွက် ပံ့ပိုးကူညီပေးကြပါရန် မေတ္တာရပ်ခံသည်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။