လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ မေလ (၃) ရက်။

တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုရရှိရေး” စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၊ မေလ (၃) ရက် ယနေ့တွင် တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

 လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ယနေ့အချိန်အထိ တစ်နေ့တခြား ဆိုးရွားလာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်ခံစားနေကြရသော မြန်မာပြည်သူများအနေဖြင့် “မွေးရာပါ အခြေခံလူ့အခွင့်အရေး”များကို လူသားအဖြစ် ဂုဏ်သိက္ခာရှိရှိ ရရှိခံစားနိုင်ရန်အတွက် ဦးတည်ချက်ချမှတ်ထား လုပ်ဆောင်လျက်ရှိပါသည်။

လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် တစ်နှစ်တာကာလအတွင်း ပြည်သူလူထု၏ ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝန်းရံအားပေးမှုများဖြင့် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို အစွမ်းကုန်ကြိုးစားရင်ဆိုင်ခဲ့ပါသည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် နိုင်ငံတဝှမ်းလုံးရှိပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာရာဇဝတ်မှုကျုးလွန်မှုများကို စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့ပါသည်။

လူ့အခွင့်အရေးဆိုင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတကာ အစိုးရများနှင့် တွေ့ဆုံပြီး မြန်မာ့အရေးကို အလေးထား လုပ်ဆောင်ရန် တောင်းဆိုခြင်း၊ စစ်အာဏာရှင် အမြန်ဆုံး ဖြုတ်ချနိုင်ရေးအတွက် ဝိုင်းဝန်ဖိအားပေးနိုင်ရန် တိုက်တွန်း လုပ်ဆောင်ခြင်း၊ သံတမန် ရေးအရ တိုက်တွန်းလုပ်ဆောင်ခြင်းများလည်း ပါဝင်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းယန္တရားများကို အသုံးပြု၍လည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်များ၊  နိုင်ငံအသီးသီးမှ အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံ၍လည်းကောင်း အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို တင်ပြပြီး သံတမန်နည်းအရ အရေးယူဆောင်ရွက်ရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။  နိုင်ငံတကာအစိုးရများနှင့် လူချင်းတိုက်ရိုက်တွေ့ဆုံခဲ့ရာတွင် ဝန်ကြီးအဆင့်နှင့် တွေ့ဆုံမှုနှစ်ကြိမ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် တွေ့ဆုံမှု (၁၀) ကြိမ် တွေ့ဆုံနိုင်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတကာ သံတမန်များနှင့် လူမှုကွန်ယက်မှတဆင့် အကြိမ် (၂၀) ခန့် တွေ့ဆုံနိုင်ခဲ့ကာ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာတရားဥပဒေလမ်းကြောင်းမှတဆင့် အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။

ထို့အပြင် ပြည်တွင်းပြည်ပရှိ တတ်သိပညာရှင်များ၊ ဒီမိုကရေစီအင်အားစုများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် အစဉ်မပြတ် တွေ့ဆုံတိုင်ပင်မှုများ ပြုလုပ်ခဲ့ပါသည်။

ထို့အပြင် ပြည်သူလူထုအကြား လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် လူ့အခွင့်အရေးဆိုင်ရာအချက်အလက်များ၊ ပညာ‌ပေးရုပ်ံသံအစီအစဥ်များကို လူမှုကွန်ယက်များမှတဆင့် ထုတ်လွှင့်တင်ပြနိုင်ခဲ့ပါသည်။ အချိန်ကာလအားလျော်စွာ စီစဥ်ကျင်းပခဲ့ကြသည့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးမှုများ စကားဝိုင်းများတွင်လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တက်ကြွစွာ ပါဝင်ခဲ့ပါသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက် ကောက်ယူမှုနှင့် ပတ်သက်ပြီး လေ့ကျင့်သင်ကြား ပေးခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံတဝှမ်းလုံးတွင် လူ့အခွင့်အရေးအချက်အလက်စုဆောင်းကောက်ယူသူ ပေါင်း (၂၈၂)ဦးကို ပို့ချလေ့ကျင့်ပေးနိုင်ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာ (၁၁) စောင်ကို ရေးသားပြုစုခဲ့ပြီး နိုင်ငံတကာသို့ တင်ပြနိုင်ခဲ့သည်။  လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတင်းရှင်းလင်းပွဲ (၂) ကြိမ်ကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ထို့အပြင်လူ့အခွင့်အရေးနှင့်ပတ်သက်သည့်မူဝါဒများ ပေါ်ပေါက်ရေးအတွက်ဆောင်ရွက်ခဲ့ရာတွင် ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထား၊ စစ်သည်တော်များလေးစားလိုက်နာရမည့် ကျင့်ဝတ်များ နှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်းရှိ ကလေးများအား အကာအကွယ်ပေးရေးမူဝါဒများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းရေးဆွဲနိုင်ခဲ့ပါသည်။

တော်လှန်ရေးကာလအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက် ကောက်ယူမှု များတွင်လည်းကောင်း၊ နိုင်ငံတကာအား တိုက်တွန်းအရေးဆိုမှုများတွင်လည်းကောင်း  လူ့အခွင့်အရေး အသိပညာပေးရာတွင်လည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာမူဝါဒများ ချမှတ်ရာတွင်လည်းကောင်း ထိရောက်အောင်မြင်စွာ  လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ပူးပေါင်းဆောင်ရွက်သူအားလုံးလည်း ကျေးဇူးတင်ရှိပြီး  ဆက်လက်လုပ်ဆောင်သွားနိုင်ရန်အတွက် သန္နိဌာန်ချမှတ်ထားပါသည်။ လူအခွင့်အရေးသည် လူသားအားလုံးအပေါ် မခွဲခြားဘဲ တန်းတူ ရရှိခံစားခွင့်ရှိမည်။ လူ့အခွင့်အရေးချိုးဖောက်သူတိုင်း တရားဥပဒေအရ အရေးယူအပြစ်ပေးမှု ခံစားရမည်ဟု မိမိတို့ယုံကြည်ပါသည်။ ထိုသို့ယုံကြည်သည့်အားလျော်စွာ မိမိတို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။  လူတိုင်းအတွက် လူ့အခွင့်အရေးကို ဆောင်ကျဥ်းပေးနိုင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုမရှိအောင် အကာအကွယ်ပေးနိုင်မည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာစေရေးအတွက် ပြည်သူများအားလုံးကလည်း ဆက်လက်၍ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်။

 

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။