မြန်မာ့လူ့အခွင့်အရေးနေ့ သဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်

၁။        ယနေ့ (၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့) အာဏာရှင်လက်အောက်တွင် တရားဥပဒေစိုးမိုးရေးအတွက် တောင်းဆိုရင်း အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခဲ့သည့် ၃၄နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်သည်နိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှု၏ အထင်ကရ မှတ်တိုင်တစ်ခုဖြစ်သော ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်လာစေရေးအတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့ပြီး၊ နှစ်စဉ် မတ်လ ၁၃ ရက်နေ့ကို မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်၍ ဒီမိုကရေစီ အင်အားစုများမှ အထိမ်းအမှတ်ပြုခဲ့ကြပါသည်။

၂။            ၈၈၈၈ အရေးတော်ပုံသည် ကျောင်းသူ/ကျောင်းသား လူငယ်များမှ ဦးဆောင်ခဲ့သည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။ ထို့အတူနွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားလူငယ်များသာမက Generation Z လူငယ်အလွှာအသီးသီးနှင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့ ပါဝင်ဦးဆောင်၍ ဖက်ဒရယ်ဒီမိုကရေစီအရေးကို ဘုံနိုင်ငံရေးရည်မှန်းချက်အဖြစ် ဦးတည်တိုက်ပွဲဝင်သည်ကို ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။

၃။           မအောင်မြင်သည့် အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်စဉ်ကတည်းကပင် အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံအနှံ့အပြားမှ ပြည်သူများ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရလျက်ရှိသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်မြင်ရင်ဆိုင်ခံစားလာရသော ပြည်သူများအနေဖြင့် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုသဘောပေါက်လာခဲ့သည်။ တဆက်ထည်းမှာပင် အာဏာရှင်အဆက်ဆက်၏လက်အောက်တွင် အကြမ်းဖက်လူ့အခွင့်အရေးချိုးဖောက်မှုများ ရင်ဆိုင်ခံစားနေခဲ့ရသည့် တိုင်းရင်းသားများနှင့် လူနည်းစုအုပ်စုဝင်များအပေါ် ပိုမိုကိုယ်ချင်းစာနာနားလည် လာခဲ့စေသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းသာမကနိုင်ငံတကာရာဇဝတ်မှုများအဆင့်ထိ ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာတရားဥပဒေဖြင့်အရေးယူရန် အရေးကြီးကြောင်း သဘောပေါက်လာခဲ့ကြသည်။ ထို့ကြောင့် နွေဦးတော်လှန်ရေးမှတစ်ဆင့် လူ့အခွင့်အရေးကို လေးစားသော၊ အကာအကွယ်ပေးနိုင်သော၊ ဖြည့်ဆည်းပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်လျက် အနှစ်သာရပြည့်ဝသော မြန်မာ့လူ့အခွင့်အရေးနေ့များ ဆင်နွှဲနိုင်သည်အထိ အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

၄။           မြန်မာ့လူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံ အာဏာရှင်အသီးသီးက ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုကို ခံစားခဲ့ရသည့် ပြည်သူများ၏အဖြစ်အပျက်များအပေါ် စာနာနားလည်ကြောင်း ပြောကြားလိုပါသည်။ ထို့ပြင် လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် တန်းတူညီမျှခြင်းအတွက် ခေတ်အဆက်ဆက်က အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်ပြည်သူများကိုလည်း ဦးညွှတ်အလေးပြုအပ်ပါသည်။ ၎င်းတို့ တိုက်ပွဲဝင်ခဲ့ကြသော အခြေခံအခွင့်အရေး၊ လူ့အခွင့်အရေးစံတန်ဖိုးများ တည်တံ့ပြန့်ပွားစေရေးအတွက် လူထုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိကဝတ်ပြုအပ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။