ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကျူးလွန်နေမှုအပေါ်သတင်းထုတ်ပြန်ချက်
၁၈ နိူဝင်ဘာလ ၂၀၂၁
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် မီးဖွားပြီးကာလအချိန် တစ်လခွဲသာ ရှိသေးသည့် သားသည်မိခင်တဦးအား အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သားများက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ ညတွင် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပါသည်။ အကြမ်းဖက် အဓမပြုကျင့်သည့်အချိန်အတွင်း မီးနေသည်၏ ခင်ပွန်းအား ဝပ်ခိုင်းထားပြီး သေနတ်ဒင်ဖြင့် ထုထောင်းနှိပ်စက်ခဲ့ကြောင်း ကြားသိရသည်။
ထို့ပြင် လွန်ခဲ့သည့် ဇူလိုင်လ (၁၄) ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာမှ အသက် (၅၅) နှစ်အရွယ်ရှိ ကချင်အမျိုးသမီး ဒေါ်ခေါ်ယွယ်အား အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။
ထိုသို့ လတ်တလောဖြစ်ပွားခဲ့သည့် အမျိုးသမီးများအပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များသာမက အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပင် စစ်ဖြစ်ပွားရာဒေသများရှိ တိုင်းရင်းသားအမျိုးသမီးများအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုကို လက်နက်သဖွယ်အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေခဲ့ကြောင်း အထောက်အထားခိုင်မာစွာ တွေ့ရှိရပါသည်။
လက်နက်ကိုင် ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု များနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများကျူးလွန်ခြင်းသည် မြန်မာနိုင်ငံကအတည်ပြု လက်မှတ် ရေးထိုးထားသော စီဒေါစာချုပ် The Convention of the Elimination of Discrimination against Women (CEDAW), ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၁၃၂၅) နှင့် ဂျီနီဗာသဘောတူစာချုပ်ပါ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ပေးရန်ဆိုသည့်အချက်ကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် မိမိတို့ အနေဖြင့် ပြင်းထန်စွာရှုတ်ချသည်။
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရာဇဝတ်မှုများနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ကျူးလွန်ခဲ့သောပြစ်မှုများအား အထောက်အထား များရယူပြီး အရေးယူဆောင်ရွက်မှု ပေါ်ပေါက်လာအောင် အမြန်ဆုံးဆက်လက် လုပ်ဆောင်သွားမည်။
ချိုးဖောက်ခံ အမျိုးသမီးများ၏ တရားမျှတမှုဖော်ဆောင်နိုင်ရန်အတွက် ကျူးလွန်ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများအား အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး သို့မဟုတ် အခြား နိုင်ငံတကာခုံရုံးများတွင် ပြစ်မှုအားတာဝန်ခံခြင်းပြုနိုင်ရန်အတွက် အမှုလွှဲပြောင်း စီရင်နိုင်ရန် ဆောင်ရွက်သွားမည်။
ပဋိပက္ခအတွင်းရှိ တိုင်းရင်းသားအမျိုးသမီးများအပေါ် ပစ်မှတ်ထား အနိုင်ကျင့်စော်ကား နေသည့်ပြစ်မှုများ၊ အပြစ်ရှိသူကို အရေးယူနိုင်ခြင်းမှ ကင်းလွတ်နေမှုများအဆုံးသတ် နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင် နေမှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ပြီး ပံ့ပိုးကူညီပေးကြရန် တိုက်တွန်းသည်။
