သြစတြေးလျ အနောက်ပိုင်းပြည်နယ်၏ ပြည်နယ်လွှတ်တော် အမတ်များနှင့် ပြည်ထောင်စုဝန်ကြီး အတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးပွင့်လင်းစွာ ဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ၂၂-၅-၂၀၂၃ နေ့တွင် Perth မြို့ရှိ သြစတြေးလျ အနောက်ပိုင်းပြည်နယ် လွှတ်တော်အဆောက်ဦတွင် ပြည်နယ်လွှတ်တော်အမတ်များဖြစ်သည့် Hon Kate Doust MLC နှင့် Hon Meredith Hammat MLA တို့အား CRPH/NUG Support Group (Western Australia) အဖွဲ့၏ ကိုယ်စားလှယ်များနှင့်အတူ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးပွင့်လင်းစွာ ဆွေးနွေးအမြင်ခြင်း ဖလှယ်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ၂၃-၅-၂၀၂၃ နေ့တွင် မြို့တော်ကင်ဘာရာသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ မေလ (၂၄) ရက်မှ (၂၆) ရက်နေ့အထိ ကင်ဘာရာမြို့တွင် နေထိုင်ပြီး သြစတြေးလျအစိုးရ တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံခြင်း၊ သံတမန်များအား ဖိတ်ကြားတွေ့ဆုံခြင်း၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း အချို့၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ သြစတြေးလျ၏ SBS World News ၏ အစီအစဉ်တွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အင်တာဗျူး လက်ခံဖြေကြားပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
၂၇-၅-၂၀၂၃ နေ့တွင် ဆစ်ဒနီမြို့ရှိ Villawood Senior Citizen Hall တွင် ကျင်းပပြုလုပ်နေသည့် ရံပုံငွေရှာ ဈေးရောင်းပွဲကို တက်ရောက် အားပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် Burmese Rohingya Community Australia (BRCA) အဖွဲ့နှင့် နေ့လည်စာ အတူစားသုံးရင်း ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ညနေပိုင်းတွင် Auburn Town Hall တွင် CRPH/NUG Support Group (New South Wales) အဖွဲ့က ကျင်းပပြုလုပ်ပေးသည့် လူထုတွေ့ဆုံပွဲကို တက်ရောက်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ ဆစ်ဒနီမြို့ရှိ မြန်မာတိုင်းရင်းသားများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။
ဆက်စပ်အကြောင်းအရာများ


