အကြံပေးအဖွဲ့ ဖွဲ့စည်းမှုအခြေအနေထုတ်ပြန်ချက်

အကြံပေးအဖွဲ့ ဖွဲ့စည်းမှုအခြေအနေထုတ်ပြန်ချက်

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရာတွင် အကြံပြုချက်များ ရယူနိုင်ရန်အတွက် အကြံပေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ပါသည်။ ထိုအကြံပေးအဖွဲ့ အဖွဲ့ဝင်များအား လူ့အခွင့်အရေး မူဝါဒများနှင့်အညီ ယုံကြည်မှုနှင့် ရပ်တည်မှု၊ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဖြတ်သန်းမှုနှင့် ကျွမ်းကျင်မှုတို့ကို အခြေခံပြီး ဖိတ်ကြားတာဝန်ပေးခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင်အလွှာစုံလင်စွာ ပါဝင်မှုကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါသည်။

၂။      အကြံပေးအဖွဲ့တွင် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးကို ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်မိုးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီမှ ငြိမ်းချမ်းရေးနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသူ ဒေါ်မေပုလဲသွယ် အပါအဝင် အမျိုးသမီးအခွင့်အရေးနှင့် လူနည်းစုအခွင့်အရေးများကို အစဉ်တစိုက် ဆောင်ရွက်နေကြသော တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များပါဝင်ကြပါသည်။ အကြံပေးအဖွဲ့ကို လိုအပ်သလို ဆက်လက်တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ပါသည်။

၃။      ပထမအကြိမ် လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့အစည်းအဝေးအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအစည်းအဝေးတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုစုခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားမျှတမှုရရှိစေရန် ဆောင်ရွက်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များအား လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံနှုန်းများနှင့် လျော်ညီစေခြင်း စသည့်လုပ်ငန်းဆောင်ရွက်ချက်များအား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး၊ အကြံပေးအဖွဲ့ အဖွဲ့ဝင်များက ဆွေးနွေးအကြံပြုခဲ့ကြပါသည်။

၄။      ပြည်သူ့အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်၊ ဝတ္တရားများဖြစ်သော လူ့အခွင့်အရေးများကို လေးစားလိုက်နာခြင်း၊ ပြည်သူများ၏ လူ့အခွင့်အရေးများကို အကာအကွယ်ပေးခြင်းနှင့် ပြည်သူများ အခြေခံလူ့ခွင့်အရေးများ ရရှိခံစားနိုင်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်း များကို အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။

 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။