Republic of the Union of Myanmar
National Unity Government
Ministry of Human Rights

ထုတ်ပြန်ကြေငြာချက်အမှတ်(၂၄/၂၀၂၂)
၁၃၈၄ ခုနှစ်၊ ပြာသိုလဆုတ် ၃ ရက်
(၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်)
ပုသိမ်ထောင်အတွင်း အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်

၁။      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့နှင့် (၆) ရက်နေ့တွင်စတင်ပြီး ပုသိမ်ထောင် အတွင်းတွင် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းများ၏ အကြမ်းဖက်မှု ကြောင့် မတရား ဖမ်းဆီး အကျဉ်းချခံနေရသည့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ (၇၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ၊ တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနက ကောက်ယူထားသည့် အချက်အလက်များအရ သိရှိရသည်။

၂။       ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ကိုဝင်းမင်းထက် အပါအဝင် မတရားဖမ်းဆီး အကျဉ်းချခံနေရသည့်  ပြည်သူ ရှစ်ဦးသည် သေဒဏ်ချမှတ်စီရင်ရန် ကြိုးပမ်းမှုများနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ ည (၁၁) နာရီခန့်တွင် ထိုပြည်သူ ရှစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့ပြီး ခုနစ်ဦးကို တိုက်ပိတ်ခဲ့သည်။ ကိုဝင်းမင်းထက်မှာ ထိုစဉ်ကတည်းက ပျောက်ဆုံးနေခဲ့သည်။

၃။      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် အင်အား (၅၀) ခန့်ရှိသော ထောင်ဝန်ထမ်းများဖြင့် မတရားဖမ်းဆီး အကျဉ်းချခံထားရသူများကို ဝင်ရောက် အကြမ်းဖက်နှိပ်စက်ခဲ့ကြပြီး ပစ်ခတ်မှု ကြောင့် မတရားဖမ်းဆီး အကျဉ်းချခံနေရသည့် ပြည်သူအများအပြား ထိခိုက် ဒဏ်ရာရခဲ့ကာ ၎င်းတို့အနက် ကိုဝေယံဖြိုး အသက်ဆုံးရှုံးခဲ့ပြီး၊ ပြည်သူ (၉) ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင်ရှိကြောင်း သိရှိရသည်။ ထောင်တွင်းအကြမ်းဖက်မှုများတွင် ထောင်ဝန်ထမ်း မဟုတ်သည့် ရဲနှင့် စစ်ဥပဒေ ချိုးဖောက်မှုများကြောင့် အကျဉ်းချခံထားရသူ အယောက် (၂၀) ခန့်ပါ ပါဝင်ခဲ့သည်။ 

၄။      ယခုဖြစ်စဉ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်း ထောင်တွင်း အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုပေါင်းများစွာ အနက်တစ်ခုဖြစ်ပါသည်။ အကြမ်းဖက် စစ်အုပ်စုအနေဖြင့် အကျဉ်းသားများကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးမှုများ ရှိသည့်တိုင် မတရား ဖမ်းဆီး အကျဉ်းချခံနေရသည့် ပြည်သူများမှာ အကျဉ်းထောင်များအတွင်း အများအပြား ဆက်လက် ထိန်းသိမ်းခံနေရဆဲ ဖြစ်သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ထိုပြည်သူများ၏ အခြေအနေနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ပါသည်။

၅။      အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ယခုဖြစ်စဉ် အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ နှင့် မတရား သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းလျက် သက်ဆိုင်ရာ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။

                                                                                              Ministry of Human Rights
National Unity Government

Related Content

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်

Read More »

Statement addressing reports of executions of pro-democracy activists by the illegal military junta in Myanmar The

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။