Republic of the Union of Myanmar
National Unity Government
Ministry of Human Rights
ထုတ်ပြန်ကြေညာချက်အမှတ် (၁ /၂၀၂၅)
၁၃၈၆ ခုနှစ်၊ တပေါင်းလဆုတ် ၄ ရက်
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်)
အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးရမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်
၁။ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ညနေ ၅း၃၀ အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို အကြမ်းဖက်စစ်အုပ်စုမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတော် (၂) ပါး၊ အသက် (၁၈) နှစ်အောက် ကိုရင် (၅) ပါး၊ အရပ်သား ပြည်သူ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး၊ စုစုပေါင်း (၁၀) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။
၂။ ထိုတိုက်ခိုက်မှု မတိုင်ခင် (၂) ရက်အလို မတ်လ (၁၄) ရက်နေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်အုပ်စုအနေဖြင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံ့လှကျေးရွာ၏ စျေးကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် (၄) လသား ကလေးသူငယ် တဦးအပါအဝင် ကလေးသူငယ် စုစုပေါင်း (၆) ဦးနှင့် အရပ်သားပြည်သူ (၂၁) ဦး အသက်ဆုံးရှုံးခဲ့ရသည်။
၃။ အကြမ်းဖက်စစ်အုပ်စုသည် အများပြည်သူသွားလာနေသည့် ဈေးနှင့် သာသနိက အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှတိုက်ခိုက်သည့် ထိုလုပ်ရပ်အား အပြင်းအထန်ရှုံ့ချသည်။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အများပြည်သူဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ကို မဟာဗျူဟာ တရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေပြီး၊ ထိုသို့တိုက်ခိုက်ခြင်းကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ပြည်သူများ၏ အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။
၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ် မတ်လ (၁၆) ရက်နေ့အထိ မှတ်တမ်းတင်ထားသော အချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူ ဆိုင်ရာနေရာများကို လေကြောင်းတိုက်ခိုက်မှု (၂၁၉၀) မှု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကလေးငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။
၅။ အကြမ်းဖက်စစ်အုပ်စု၏ အများပြည်သူဆိုင်ရာ နေရာများကို တိုက်ခိုက်မှုနှင့် ကလေးသူငယ် များအပေါ် ထိခိုက်သေကြေစေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) က တားမြစ်ထားသည့် အချက်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်း ဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ် ပေးရမည့်အချက်များကို ကျူးလွန်ဖောက်ဖျက်ပြီး ကလေးငယ်များအပေါ် ကြီးမားသည့် ကျူးလွန်မှု (၆) မျိုးတွင် အပါအဝင်ဖြစ်သည့် ကလေးသူငယ်များကို ထိခိုက်သေကြေစေခြင်း၊ သတ်ဖြတ်ခြင်း ဆိုသည့်အချက်ကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်သည်။ ထို့အပြင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်ပါ ကလေးသူငယ်များ၏ အသက်ရှင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်မှု ရရှိပိုင်ခွင့်များကို ချိုးဖောက်ရာရောက်သည်။
၆။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ရုံတင်မက ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံတကာစံချိန် စံနှုန်းများ၊ နိုင်ငံတကာစာချုပ်များကို ပြင်းထန်စွာချိုးဖောက်နေသည့် အကြမ်းဖက် စစ်အုပ်စုအား နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် နိုင်ငံတကာ တရားစီရင်မှုယန္တရားများမှ အမြန်ဆုံး ထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြပါရန် လူ့အခွင့်အရေးနှင့် ကလေးသူငယ် ဆိုင်ရာ အခွင့်အရေးများကို ကြိုးပမ်းလုပ်ဆောင်နေသော နိုင်ငံများအား တိုက်တွန်းအပ်ပါသည်။
Ministry of Human Rights
National Unity Government
