“အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာထုတ်ပြန်ခြင်း

Republic of the Union of Myanmar

National Unity Government

Ministry of Human Rights

 

ထုတ်ပြန်ကြေညာချက်အမှတ် (၃ /၂၀၂၅)

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်

(၂၀၂၅ ခုနှစ်၊ ဧပြီ လ ၂၈ ရက်)     

“အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာထုတ်ပြန်ခြင်း

၁။၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှစ၍ အသက် (၁၈)နှစ်မှ (၃၅)နှစ်ကြား လူငယ်များအား  အကြမ်းဖက်စစ်အုပ်စု က ကျယ်ကျယ်ပြန့်ပြန့် အဓမ္မစစ်မှုထမ်းစေခြင်းများကို သုတေသန ပြုရေးသားထားသည့် “အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ” အစီရင်ခံစာကို အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။

၂။ ဤအစီရင်ခံစာတွင် အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် လူငယ်များ၏ ထွက်ဆိုချက်များကို အခြေခံ၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်သည့် စစ်အုပ်စု၏ နည်းနာများကို တင်ပြထားသည်။ ထိုထွက်ဆိုချက်များအရ လူငယ်များသည် နေအိမ်များ၊ လုပ်ငန်းခွင်များနှင့် စစ်ဆေးရေး ဂိတ်များတွင် အကြမ်းဖက်စစ်အုပ်စု၏ စီမံချက် ချမှတ် ဖမ်းဆီးမှုများကို ရင်ဆိုင်ခဲ့ရကြောင်း တွေ့ရှိရသည်။

၃။ အကြမ်းဖက် စစ်အုပ်စုသည် တနေ့တခြား စစ်သည်အင်အား လျော့နည်းလာမှုနှင့် ဘက်ပြောင်း လက်နက်ချမှုများ အဆမတန် များပြားလာမှုများကို အစားထိုး ဖြေရှင်းနိုင်ရန်အတွက် အမည်ခံ “ပြည်သူ့စစ်မှုထမ်း ဥပဒေ” ကို ဗျူဟာတရပ်အနေဖြင့် ချမှတ်ကျင့်သုံးလျက်ရှိပါသည်။ လူငယ်များနှင့် မိသားစုများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အတင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်သည့် နည်းလမ်းများကိုသုံး၍ စစ်သားစုဆောင်း လျက်ရှိသည်။

၄။ထိုသို့ စုဆောင်းခြင်းခံရသည့် လူငယ်များထဲတွင် အသက်မပြည့်သေးသည့် ကလေး သူငယ်များနှင့် စစ်မှုထမ်းရန် မသင့်လျာ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူများပင် ပါဝင်ကြောင်းတွေ့ရှိရသည်။ ဝန်ကြီးဌာနက မှတ်တမ်းတင်နိုင်သည့် ထွက်ဆိုချက်များအနက် စစ်မှုထမ်းရန် အကြုံးဝင်သည့် လူငယ်များ၏ အမည်စာရင်းကို ကောက်ယူပြီး  မိသားစုဝင်များထံ ငွေညှစ်တောင်းခံသည့် ဖြစ်ရပ်များလည်း တွေ့ရသည်။

၅။      ထိုတွေ့ရှိချက်များအရ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းနေခြင်းများသည် အဓမ္မလုပ်အား ခိုင်းစေခြင်းနှင့် လူကုန်ကူးမှု ကျူးလွန်ခြင်းများမြောက်ကြောင်း တွေ့ရှိရသည်။ ထို့ပြင် အသက် (၁၈) နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို စစ်ရေးဗျူဟာတရပ်အနေဖြင့် ကျင့်သုံး၍ စစ်မှုထမ်းစေခိုင်းနေခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against humanity) မြောက်ကြောင်း သုံးသပ်နိုင်ပါသည်။

၆။      ထို့အတွက်ကြောင့် ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အား အကြမ်းဖက်စစ်အုပ်စု၏ ယခုလုပ်ရပ်များကို အမြန်ဆုံးရပ်တန့်နိုင်ရန်အတွက် ထိရောက်သော စီးပွါးရေး ပိတ်ဆို့မှုနှင့် လေယာဉ်ဆီ အပါအဝင် လက်နက်များ တင်ပို့ ရောင်းချမှုအား ပိတ်ပင်ခြင်းတို့ကို ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းအပ်ပါသည်။ အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင် လာသော လူငယ်များကို လူသားချင်းစာနာသော မူဝါဒအား အခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါရန် အထူးတလည် တိုက်တွန်းအပ်ပါသည်။

                                                                                        Ministry of Human Rights

National Unity Government

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။