Republic of the Union of Myanmar
အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC)
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council – PNFC)

၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်
အကြမ်းဖက်စစ်အုပ်စုက ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာ ပြည်သူ ( ၂၂) ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ပူးတွဲထုတ်ပြန်ကြေညာချက်

 

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအို့ဝ် အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့အနေဖြင့် အကြမ်းဖက်စစ်အုပ်စုက ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာရှိ သံဃာတော်(၃) ပါး၊ အမျိုးသမီး (၁) ဦး အပါအဝင် အရပ်သားပြည်သူ(၂၂)ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပါအဝင် မတရားအာဏာလုယူထားသည့်ကာလအတွင်း ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးကိုပြင်းထန်စွာရှုတ်ချပြီး တရားမျှတမှု ပြန်လည်ရရှိရေးအတွက် အလေးအနက်ထားဆောင်ရွက်သွားမည်ဖြစ်သည်။ 

၂။ အကြမ်းဖက်စစ်အုပ်စုသည် တိုင်းရင်းသားဒေသများသို့ ဖြတ်လေးဖြတ်စနစ်ကိုကျင့်သုံးကာ ကျေးရွာများသို့စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး အရပ်သားပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အချို့ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးချရန်ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်ခြင်းများကိုဆက်တိုက် ကျူးလွန် လျက်ရှိသည်။ ထို့အပြင် တိုင်းရင်းသားပြည်နယ်များ အတွင်း အတူတကွနေထိုင်နေကြသော တိုင်းရင်းသားလူမျိုးများအကြား ဘာသာရေးအားဖြင့်သော်လည်းကောင်း၊ လူမျိုးအားဖြင့် သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးတူညီကြသူသော်လည်း မတူညီသော အစုအဖွဲ့များအကြား သပ်လျှိုသွေးခွဲမှုများ ကိုအစဉ်တစိုက်လုပ်ဆောင်နေကြောင်းလည်း သက်သေအထောက်အထားများ အခိုင်အမာဖြင့်တွေ့ရှိနေရသည်။ 

၃။ အပြစ်မဲ့ပြည်သူများ အပေါ် အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်ခြင်းများ မှ လွတ်ကင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာ တိုင်း ပြည်နယ်များမှ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့် ပြည်နယ်အသီးသီးမှကာကွယ်ရေးတပ်ဖွဲ့များအားလုံး အတူတကွညှိုနှိုင်းလုပ်ဆောင်လျက်ရှိကြောင်းပြောကြားလိုပါသည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်မှကျူးလွန်သော ရာဇဝတ်မှုများအားလုံးနှင့် ပတ်သက်ပြီး အချက်အလက်ရယူစုဆောင်းခြင်း၊ လူသက်သေ၊ ပစ္စည်းသက်သေများ ရယူစုဆောင်းခြင်း၊ နိုင်ငံတကာတရားစွဲအဖွဲ့အစည်းများသို့ ပေးပို့ခြင်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် အတူတကွလုပ်ဆောင်လျက်ရှိကြောင်းပြောကြားလိုပါသည်။

၅။ အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ် နှင့် မသန်စွမ်းတို့ပါ မချန် ရက်ရက်စက်စက် သတ်ဖြတ်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် အမြဲမပြတ် သိရှိစေနိုင်သည့် အစီအမံများ ဆောင်ရွက်ရန်နှင့် ဝင်ရောက်လာပါက ဘေးလွတ်ရာသို့ အလျင်အမြန်ထွက်ခွာ ရှောင်တိမ်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

၆။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတကာအနေနှင့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ၊ ကြိုတင်သတိပေးခြင်းစနစ်ဆိုင်ရာ ပစ္စည်းကိရိယာများစသည်တို့ကို ထောက်ပံ့ပေးနိုင်ပါရန် တောင်းဆိုပါသည်။ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများ အပေါ် စီးပွားရေးပိတ်ဆို့မှုအပါအဝင် လက်နက်ခဲယမ်းတင်သွင်းရောင်းချမှု၊ စစ်ရေးတွင်အသုံးပြုနိုင်သည့် နည်းပညာပံ့ပိုးမှု၊ လေယာဉ်ဆီ တင်သွင်းမှု နှင့် အကြမ်းဖက်စစ်တပ်အသုံးပြုလျက်ရှိသည့် စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းမှုများကို ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်ပေးကြရန် တောင်းဆိုပါသည်။ 

၇။ နိုင်ငံတကာတရားရေးအဖွဲ့အစည်းများနှင့် International Criminal Courtအနေဖြင့် စုံစမ်းစစ်ဆေးမှုများကိုမြန်မာတစ်နိုင်ငံလုံးအနှံ့ကျူးလွန်မှုများအထိ ချဲ့ထွင်စစ်ဆေးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါသည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း စစ်ရာဇဝတ်မှုများကိုကျူးလွန်နေသည့် မြန်မာစစ်ကောင်စီနှင့် ယင်း၏အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်မည့် နိုင်ငံအလိုက် Universal Jurisdictionတရားရုံးများဖော်ထုတ်ပြီးထိရောက်စွာလုပ်ဆောင်ခြင်းဖြင့် အပြစ်မဲ့သောမြန်မာပြည်သူများအသက်ဘေးအန္တရာယ်မှလွတ်မြောက်ပြီး ၎င်းတို့လိုချင်သောလွတ်လပ်၍တရားမျှတသည့်နိုင်ငံတော်သစ်တခုကိုတည်ဆောက်နိုင်ရေးပါဝင်ပံ့ပိုးပေးနိုင်ကြပါရန်တိုက်တွန်းလိုပါသည်။

၈။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် National Unity Government အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးနှင့် အမြန်ဆုံး ညှိနှိုင်းတိုင်ပင် ကူညီပံ့ပိုးခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်များ လျင်မြန်စွာ အဆုံးသတ်နိုင်ရေး အစောတလျင် ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC)
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council – PNFC)

Related Content

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်

Read More »

Statement addressing reports of executions of pro-democracy activists by the illegal military junta in Myanmar The

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။