Republic of the Union of Myanmar
National Unity Government
Ministry of Human Rights
https://mohr.nugmyanmar.org/
ထုတ်ပြန်ကြေငြာချက်အမှတ်(၂ /၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁ဝ ရက်
(၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်)
အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်
၂။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အသက်ဝင်ကြောင်း တရားမဝင်ကြေညာခဲ့ပြီးနောက်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူများ အကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သလို လူငယ်များမတရားဖမ်းဆီးခံရမှုဖြစ်စဉ်များ ပိုမိုများပြား လာခဲ့သည်။ အဆိုပါကြေညာမှုသည် အရပ်သားပြည်သူများကို အတင်းအဓမ္မလုပ်အားပေးစေခိုင်းရန် အတွက် ပေါ်တာဆွဲသည့်ဖြစ်စဉ်များ တဖြည်းဖြည်းများပြားလာနေသည့်အချိန်တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
၂။ အဆိုပါ ကြေညာချက်နောက်ဆက်တွဲအနေဖြင့် အရပ်သားပြည်သူများကို ပေါ်တာဆွဲရန် ကြိုးပမ်းမှုကို ဥပဒေအရ တရားဝင်သည့်သဖွယ် အကြမ်းဖက်စစ်အုပ်စုက ပုံဖော်လာနိုင်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအပါအဝင် အရပ်သားပြည်သူများကို အတင်းအဓမ္မအစဖျောက်ခြင်း ပြုလုပ် လာနိုင်ပါသည်။ ထို့အတူ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်းအဓမ္မအစဖျောက်ခြင်းနှင့် စစ်မြေပြင်တွင်လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ကို ပြုလုပ်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာနိုင်သည့် အန္တရာယ် ရှိပါသည်။
၃။ အကြမ်းဖက်စစ်အုပ်စု၏လုပ်ရပ်ကြောင့် လူမှု၊ စီးပွားအခက်အခဲများ တွေ့ကြုံနေရပြီးဖြစ်သော ပြည်သူများအနေဖြင့် အတင်းအကျပ်ခြိမ်းခြောက်၍ ငွေညှစ်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။ အိမ်နီးချင်းနိုင်ငံများအပါအဝင် အခြားနိုင်ငံများသို့ အလုံးအရင်းနှင့် ရွှေ့ပြောင်းမှုများလည်း ဖြစ်ပေါ်လာစေနိုင်ပြီး လူကုန်ကူးခံရမှုအပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှု များကို ကြုံတွေ့ရစေရန် တွန်းအားပေးလျက်ရှိသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြုလျက် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်နိုင်ရန် တိုင်ကြားနိုင်မည့် အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/ forced-military-service-call/ ကို ဖွင့်လှစ်ထားရှိပြီး၊ သတင်းပေးပို့တိုင်ကြားမှုများကို လက်ခံ ဆောင်ရွက်လျက်ရှိပါသည်။ ရရှိလာသော အချက်အလက်များကို လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အတိုင်းအဆကို လေ့လာသုံးသပ်လျက် နိုင်ငံတကာ တရားမျှတမှု နည်းလမ်းများမှတဆင့် တရားမျှတမှု ဖော်ဆောင်ခြင်းအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ပြည်သူများ၏ ထိခိုက်နစ်နာမှုများအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
Ministry of Human Rights
National Unity Government
Related Content








