Republic of the Union of Myanmar
National Unity Government
Ministry of Education
Ministry of Women, Youths and Children Affairs
Ministry of Human Rights
Joint Statement No. 1/2023
The 5th Waxing day of Tazaungmone, 1385 ME
November 17, 2023
A statement regarding the terrorist military junta’s airstrike attack in Vuilu Village, Matupi Township
၁။ ဝေလူးကျေးရွာသည် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အစပ် မတူပီမြို့နယ်မှ မိုင် (၄၀) ခန့် အကွာတွင် တည်ရှိကာအိမ်ခြေ (၈၀) ခန့်ရှိသော ကျေးရွာဖြစ်ပြီး ရွာအနေအထားမှာ အိမ်များကို နီးနီးကပ်ကပ် ထူထူထပ်ထပ် ဆောက်ထားသည့်ရွာဖြစ်၍ လူဦးရေမှာ အတန်အသင့် အနေများပြီး Dai (ဒိုင်) လူမျိုးအများစုနေထိုင်ကြကာ ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်းမရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။
၂။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ ညနေ (၁၈း၄၀) နာရီ အချိန်ခန့်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်၊ မတူပီမြို့နယ် ဝေလူးကျေးရွာအလယ်သို့ တိုက်လေယာဉ်နှစ်စီးအသုံးပြုကာ တစ်စီးက Cluster Bomb ကဲ့သို့ ဆင့်ပွါးပြန်လည်ပေါက်ကွဲသည့်ဗုံးဖြင့် ဗုံးကြဲချပြီး ကျန်လေယာဉ် (၁) စင်းမှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ကလေးငယ် (၈) ဦး အပါအဝင် ပြည်သူ (၁၁) ဦး သေဆုံးခဲ့ပြီး အသက် (၅) နှစ် အရွယ်ကလေးအပါအဝင် (၄) ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ ပါသည်။ ဝေလူးကျေးရွာဒေသခံများဖြစ်သည့် ဦးဟာလောင်း (၃၄)နှစ် နှင့်သား(၃)ဦးဖြစ်သည့် မောင်ရှမွေလ(၁၂)နှစ်၊ မောင်ကီးနွန်(၉)နှစ်၊ မောင်ညဏ်ဝင်းအောင်(၅)နှစ် တို့သေဆုံးသွား ခဲ့ပြီး ဦးဟာလောင်း၏ဇနီးတွင်တစ်ကိုယ်လုံးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ ထို့အပြင် ဦးမိခ်ကာ၏ သားသမီးများဖြစ်သော မောင်ထန်ဟုန်း (၁၁) နှစ်၊ မောင်ဘွေကုန်းထန် (၇) နှစ်၊ မဇွန်လီဆန်း (၇) နှစ် တို့လည်း သေဆုံးခဲ့ပြီး အခြားသေဆုံးသူများမှာ ဦးသဲမ်းနိုင် (၃၅) နှစ် ၊ ဦးအွမ်စာ (၆၅) နှစ်၊ မလီလီမိုး (၅) နှစ်နှင့် မခိုင်ဇသင် (၁၁) နှစ်တို့ဖြစ်ပါသည်။
၃။ အကြောင်းမဲ့လေကြောင်းမှတဆင့် ဗုံးကြဲခံရမှုကြောင့် ဒေါ်ခေးချိန်း၊ ဒေါ်နှီးချောမ်၊ ဒေါ်ပါမ်ဆောမ်၊ မလီကွီး(၅)နှစ် တို့သည်အပြင်းအထန်ဒဏ်ရာရရှိသောကြောင့် ဆေးကုသမှု ခံယူလျက်ရှိပြီး ဝေလူးကျေးရွာ အတွင်းရှိ BCM.ဘုရားကျောင်း (၁)ဆောင်၊ စာသင်ဆောင် (၂) ဆောင်နှင့် သွပ်မိုးပျဉ်ထောင်အိမ် (၁၈) လုံးတို့ပျက်စီးခဲ့ပြီး အုတ်ညှပ်အိမ် (၄)လုံး မီးလောင်ကျွမ်း ခဲ့သည်။
၄။ အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်သော စစ်ဘေးရှောင်စခန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်စွာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ အရပ်သားပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှု အပေါ် ထပ်တူနာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေး နိုင်ရေး အတူတကွ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
Related Content








