(၁၄၈) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ဒုတိယပြည်ထောင်စုဝန်ကြီး တက်ရောက်
နယူးဇီလန်နိုင်ငံ ၊ အော်ကလန်မြို့တွင်ကျင်းပသော ၁၄၈ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့သို့ ဒုတိယပြည်ထောင်စုဝန်ကြီး၊ ခွန်းဗဟန်းထန် တက်ရောက်ခဲ့ ပြီး အဆိုပါအခမ်းအနားကို Newzealand Labour ပါတီမှ MP Hon Phil Twyford လည်းတက်ရောက်အားပေးခဲ့ကြောင်းသိရှိရပါသည်။
ကရင်နီအမျိုးသားနေ့ဟာ အင်္ဂလိပ်အစိုးရ နဲ့ ဗမာဘုရင်တို့က အနောက်ကရင်နီပြည်ရဲ့ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ပဋိဉာဉ်တစ်ရပ်ကို ၁၈၇၅-ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ဗမာဘုရင်ဘက်မှ ကင်းဝန်မင်းကြီး နဲ့ အင်္ဂလိပ်အစိုးရဘက်က ဆာဒေါ့ကလပ်ဖောဆစ်သ်က လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါနေ့ကို ကရင်နီ အမျိုးသားနေ့ရယ်လို့ သတ်မှတ်ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ကရင်နီအမျိုးသားနေ့ပဋိဉာဉ်အတွင်းမှာတော့ “ကရင်နီ ပြည်နယ်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ စီမံစိုးမိုး အုပ်ချုပ်ခြင်း မပြုလုပ်ရဘဲ သီးခြားလွတ်လပ်သော အင်ဒီပင်းဒင့် အခွင့်အရေးပေးရန်” သဘောတူချက်ပါရှိပါသည်။
ဒီလို နှစ်ပေါင်းတစ်ရာကျော်တိုင် သီးခြားလွတ်လပ်တဲ့ ပြည်နယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ကရင်နီပြည်ဟာ တတိုင်းပြည်လုံးအခက်အခဲ ကျနေချိန်မှာ တစ်ဦးကောင်း တစ်ယောက်ကောင်းပုံစံနဲ့ ဆက်လက် မနေထိုင်ဘဲပြည်သူအားလုံးနဲ့ တသားတည်း အမှန်တရားအတွက်တိုက်ပွဲဝင်ရင်း ကရင်နီအမျိုးသားတစ်ရပ်လုံး ဖိနှိပ်မှုဒဏ်၊ စစ်ပွဲဒဏ်ကို ခံနေရပြီး အခက်အခဲကြား ဒေသခံသိန်းသောင်းကျော် ပြေးလွှားပုန်းရှောင်နေရတာ၊ ပဋိပက္ခတွေကြား နေအိမ်၊ဘုရားကျောင်းတွေ မီးရှို့ခံရတာနဲ့ လူမှုရေး၊ ကျန်းမာရေးအစစအရာ ချို့တဲ့နေတာတွေကိုကြည့်ရင် အင်မတန်မှ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသလို ကရင်နီလူထုရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကိုလည်း လေးစားတန်ဖိုးထား ဦးညွှတ်မိပါသည်။
နှစ်ပေါင်းများစွာ သီးခြားလွတ်လပ်တဲ့ မြေ အပေါ် ဂုဏ်သိက္ခာကြီးမားစွာ ရှင်သန်နေထိုင်ခဲ့တဲ့ ကရင်နီလူမျိုးအပေါင်း၊ မတရားမှုကို တိုင်းရင်းသားညီအစ်ကိုအပေါင်းတို့နဲ့ လက်တွဲပြီး ပြည်ထောင်စု စိတ်ဓာတ်အပြည့်နဲ့ တိုက်ပွဲ ဝင်ရင်းမိမိတို့ ရသင့် ရထိုက်တဲ့ မွေးရာပါလူ့အခွင့်အရေးများအတွက်ပါ ရွံ့ရွံ့ချွံ့ချွံ့ ခုခံတွန်းလှန်လျက်ရှိသော ကရင်နီ အမျိုးသားတို့ “စစ်မှန်သောလွတ်လပ်မှုနဲ့ တရားမျှတမှုကို အမြန်ဆုံးရရှိခံစားနိုင်ပါစေ” လို့ ဆုတောင်းမေတ္တာပို့သရင်း ယခုနှစ်ကျရောက်မည့် ကရင်နီအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
Related Content


