လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့ ပူးတွဲထုတ်ပြန် ကြေငြာချက်
ပြည်ထောင်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
National Unity Government
အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန
Ministry of Human Rights
ပူးတွဲထုတ်ပြန်ကြေညာချက်အမှတ် (1/၂၀၂၃)
၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၂ ရက်
(၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
၂၀၂၃ ခုနှစ် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့
ပူးတွဲထုတ်ပြန် ကြေငြာချက်
၁။ ဇွန်လ (၁၉) ရက်နေ့သည် ပဋိပက္ခများအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ ဖြစ်ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၂၀(၂၀၀၈) ဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်စစ်ရာဇဝတ်မှု တစ်ခုဖြစ်သည်ဟု သတ်မှတ်နိုင်ခဲ့ခြင်းအပေါ် ကြိုဆိုဂုဏ်ပြုသည့်နေ့ ဖြစ်ပါသည်။
၂။ ယခု ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေးနိုင်ငံတကာနေ့၏ ဆောင်ပုဒ်မှာ “ပဋိပက္ခကာလနှင့် ပဋိပက္ခအလွန် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရပ်တန့်ရေး အမျိုးသားများပါဝင်ပေး – End Sexual Violence in Conflict and Post-Conflict: Engaging Men and Boys” ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကိုင်တွယ် ဖြေရှင်းခြင်းနှင့် တားဆီးခြင်းတွင် အမျိုးသားများနှင့် ယောက်ျားလေးများ ပါဝင်ရန် အရေးကြီးသည့် အခန်းကဏ္ဍကို မီးမောင်းထိုးပြထားပါသည်။
၃။ ပဋိပက္ခကာလအတွင်း လိင်အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် လူ့အဖွဲ့အစည်းဝင် အားလုံးပါဝင်သည့် စုပေါင်းအားထုတ်မှု လိုအပ်ပါသည်။
၄။ ဆွေးနွေးမှုများ၊ ပညာပေးမူများနှင့် လူမူလှုပ်ရှားမှုများတွင် အမျိုးသားများနှင့် ယောက်ျားလေးများအား တက်ကြွစွာပါဝင်ခြင်းဖြင့် ဘက်လိုက်သောလိင်စံနှုန်းများကို စိန်ခေါ်နိုင်ပြီး ဖိုဝါဒကြီးစိုးမှုကို ဖယ်ရှားကာ လေးစားမှုနှင့် တန်းတူညီမျှမှုဆိုင်ရာ ယဉ်ကျေးမှုကို မွေးမြူနိုင်မည် ဖြစ်သည်။
၅။ ထို့အပြင် ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရေးသာမက ဘေးကင်းသော ပတ်ဝန်းကျင်များဖန်တီးခြင်းနှင့် လွတ်မြောက်ကျန်ရစ်သူများကို ဆက်လက်ကူညီပံ့ပိုးပေးခြင်း သည်လည်း အရေးကြီးကြောင်း ဖော်ပြလိုသည်။
၆။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၃ ခုနှစ် ဇွန်လ (၁၅) ရက်နေ့အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် (၁၁၇) ခု ဖြစ်ပွါးခဲ့ကြောင်း တိုင်ကြားချက်များလက်ခံရရှိခဲ့ပါသည်။ အဆိုပါ ဖြစ်စဥ်များတွင် အတည်ပြုဖြစ်စဉ် (၅၁)ခု နှင့် အတည်ပြုရန်ခက်ခဲသည့်ဖြစ်စဉ် (၆၆)ခု ပါ၀င်ပါသည်။ အဆိုပါဖြစ်စဥ်များထဲမှ (၁၀၈) မှုသည် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်သော အမှုများဖြစ်ပြီး (၉) မှုသည် အရပ်သားအချင်းချင်း ကျူးလွန်သောအမှုများဖြစ်သည်။ တော်လှန်ရေးအင်အားစု ကျူးလွန်သည်ဟု ဖော်ပြတိုင်ကြားချက် (၁၃) မှု ပါ၀င်ပါသည်။
၇။ အမျိုးသားညီညွတ်ရေးအစိုးရတရပ်လုံးအနေဖြင့် လိင်အကြမ်းဖက်ခြင်းအမျိုးမျိုးကို ကာကွယ်နိုင်ရန်အတွက် အစိုးရအင်္ဂါရပ်တခုလုံး လမ်းညွန်ချက်များ၊ ဥပဒေနှင့်နည်းဥပဒေများ ပြဌာန်းကာ လုပ်ဆောင်ထားပြီးဖြစ်သလို ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မူများကိုလည်း အရေးယူဆောင်ရွက်လျက် ရှိပါသည်။
၈။ တော်လှန်ရေးကာလအတွင်း အရပ်သားများအပေါ်နှင့် အရပ်သားအချင်းချင်းကြား ကျူးလွန်မှုများကိုလည်း တရားနည်းလမ်းတကျ အရေးယူဆောင်ရွက်နိုင်ရန် ကြိုးစားအားထုတ်လျက် ရှိကြောင်း လေးလေးနက်နက်ဖော်ပြရင်း ၂၀၂၃ခုနှစ် ပဋိပက္ခများအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးနိုင်ငံတကာနေ့ ပူးတွဲကြေငြာချက်အား ထုတ်ပြန်အပ်ပါသည်။
Ministry of Human Rights
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးဝန်ကြီးဌာန
Related content


