အကြမ်းဖက်စစ်အုပ်စုက ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးများရွာတွင် ကလေးငယ်များအပါအဝင် ပြည်သူ (၁၈) ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့မှု
၂၀၂၃ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့် တွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် (ကရင်ပြည်နယ်၊ လွယ်ကြူးခရိုင်)၊ ညောင်ပင်သာကျေးရွာသို့ အကြမ်းဖက်စစ်အုပ်စု တပ်မ−၄၄၊ ခလရ−၇၃၊ ခမရ−၅၉၉၊ ခမရ−၅၉၀ တို့မှ အင်အား (၁၀၀) ကျော်ဖြင့် ကျောက်ကြီးမြို့နယ်ဘက်မှ တစ်ဖွဲ့၊ ထန်းတပင်မြို့နယ်ဘက်မှ တစ်ဖွဲ့ ပစ်ခတ်ဝင်ရောက်ပြီး ညနေ ၅ နာရီအချိန်ခန့် အထိ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီးတွင် အကြမ်းဖက်စစ်အုပ်စုနှင့် KNU၊ PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များတို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ကျေးရွာအတွင်း ၀င်ရောက်ကာ ဒေသခံပြည်သူ ကျား ၈ ဦး ၊ မ ၁၀ ဦး တို့ကိုဖမ်းဆီးခဲ့ကာ ၎င်းအပြစ်မဲ့ပြည်သူများ၏ မျက်နှာများကို အဝတ်စည်းကာ လည်လှီးပြီး အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ကာ အမျိုးသမီးများအားတစ်စု၊ အမျိုးသားများအားတစ်စု ခွဲ၍ မီးရှို့ထားကြောင်း တွေ့ရှိရသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
Related Content



