CRPH ၊ NUCC ၊ NUG တို့အား သံတမန်ရေးရာ အဆင့်မြှင့်တင်အသိအမှတ်ပြုရေး နော်ဝေနိုင်ငံရေး ပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေး

CRPH ၊ NUCC ၊ NUG တို့အား သံတမန်ရေးရာ အဆင့်မြှင့်တင်အသိအမှတ်ပြုရေး နော်ဝေနိုင်ငံရေး ပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံဆွေးနွေးတိုက်တွန်း

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ (အင်္ဂါနေ့)တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH), အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC), အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များက နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များနှင့် တွေ့ဆုံ၍ CRPH, NUCC, NUG တို့၏ ဆောင်ရွက်နေမှုများ၊ NUG နှင့် နော်ဝေအစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ နော်ဝေပါလီမန်က အထောက်အကူ ပြုနိုင်မည့် နည်းလမ်းများ၊ ICC, ICJ နှင့် နိုင်ငံအချို့တွင် စစ်ကောင်စီအား တရားစွဲဆိုနိုင်ရန် ဆောင်ရွက်နေမှုများ၊ NUG ၏ သံတမန်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည့် စိန်ခေါ်မှုများ၊ နော်ဝေနိုင်ငံ အနေဖြင့် NUG ကို သံတမန်ရေးရာအဆင့်မြှင့်တင် ဆက်ဆံမှုပြုပါရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
 
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နော်ဝေလွှတ်တော်အမတ် Mr. Ola Elvestuen ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်များ၊ University of Oslo မှ ပါမောက္ခ Kristain Stokke ၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ မြန်မာအလုပ်သမားတပ်ပေါင်းစု၊ NUCC မှ ဦးမောင်မောင်၊ ဦးတိုးကျော်လှိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း၊ လူသားချင်း စာနာထောက် ထားရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးမိုးဇော်ဦး၊ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်နှင့် နော်ဝေနိုင်ငံရေးပါတီများမှ ပါလီမန်အမတ်များ တက်ရောက်ခဲ့ကြပါသည်။
 
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စိန်ခေါ်မှုများနှင့် အခက်အခဲများ၊ အာဏာသိမ်း စစ်ကောင်စီကို ICC နှင့် ICJ တို့တွင် တရားစွဲဆိုထားမှုနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများကို တင်ပြခဲ့ပြီး လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီများကို NUG အနေဖြင့် လက်ခံနိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်းနှင့် တိကျခိုင်မာသော စောင့်ကြည့်အကဲဖြတ်ခြင်းများကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်း၊ ရိုဟင်ဂျာများနှင့်ပတ်သက်သော စိန်ခေါ်မှုများကို NUG အနေဖြင့် ရင်ဆိုင်ဖြေရှင်း လျက်ရှိကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေဖျက်သိမ်းရေးအပါအဝင် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး၊ နိုင်ငံသားဖြစ်ခွင့်၊ လျော်ကြေးပေးခြင်းစသည့် မူဝါဒများနှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားပြီး ဖြစ်ကြောင်းနှင့် မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို လေးစား၍ ကာကွယ်ပေးနိုင်ရန်နှင့် ဖြည့်ဆည်းပေးနိုင်ရန်တို့နှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် နော်ဝေနိုင်ငံနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
 
နော်ဝေနိုင်ငံပါလီမန် အဖွဲ့ကလည်း နော်ဝေနိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီကြိုးပမ်းမှုကို အမြဲ မပြတ် အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရှင်သန်ရေးနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးအတွက် အားပေးထောက်ခံကူညီမှုများလုပ်ဆောင်ရန် အမြဲမပြတ် ပြင်ဆင်လျက် ရှိကြောင်းတို့ကို ပြောကြားခဲ့ကြပါသည်။ ထို့အပြင် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှု အကူအညီများ၊ နိုင်ငံရေးအင်အားစုများ၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ အားပေးထောက်ခံမှုအစီအစဉ်များကို နော်ဝေ လွှတ်တော်မှ တင်ပြပြီး နော်ဝေနိုင်ငံအနေဖြင့် ထိရောက်သော အကူအညီများပေးနိုင်ရေး စီမံချက်တစ်ခု တိတိ ကျကျ ပေါ်ထွန်းလာရေး ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်းကို ကတိပြုပြောကြားသွားခဲ့ပါသည်။

Related Content