သြစတေးလျနိုင်ငံ မလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်သည့် Lose and Hope ရုပ်ရှင်ပြပွဲသို့ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် အဖွင့်အမှာစကားပြောကြား

သြစတေးလျနိုင်ငံ မလ်ဘုန်းမြို့တွင် ကျင်းပပြုလုပ်သည့် Lose and Hope ရုပ်ရှင်ပြပွဲသို့ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် အဖွင့်အမှာစကားပြောကြား

Lose and Hope ရုပ်ရှင်ပြပွဲကို သြစတေးလျနိုင်ငံ မလ်ဘုန်းမြို့တွင် နိုဝင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါမိန့်ခွန်းတွင် ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်က “နွေဦးတော်လှန်ရေးအစတွင် လက်သုံးချောင်းထောင်ကာ လှည့်လည်ပြီး ပြည်သူ့အာဏာပြည်သူ့ပြန်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ရာ အကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက် ဖမ်းဆီးပစ်ခတ်ခဲ့သဖြင့် နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ်ဟာ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ခုခံကာကွယ်မှုအတွက် လက်နက်စွဲကိုင်ပြီး ပထမဦးဆုံးတော်လှန်ခဲ့သော ပြည်နယ်ဖြစ်ပါတယ်။

အသေးငယ်ဆုံးပြည်နယ်ဖြစ်ပေမယ့် မတရားမှုတွေကို ခေါင်းငုံ့မခံတတ်တဲ့ ကရင်နီပြည်သူဟာ အစဉ်အလာအရ ရရာလက်နက်ကိုစွဲကိုင်ပြီး ခုခံတော်လှန်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသေးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်ရဲ့ လူဦးရေ ၈၅%ဟာဆိုရင်လည်း စစ်ဘေးရှောင်ဖြစ်ခဲ့ရပြီး၊ အရပ်သားသေဆုံးမှု ၅၀၀ ဦးကျော်ရှိခဲ့ပါတယ်။

ကရင်နီပြည်နယ်ရဲ့ တော်လှန်ရေးတပ်ပေါင်းစု တပ်သားများဟာလည်း ၆၀၀ ကျော်ကျဆုံးခဲ့ရပြီဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ ကရင်နီပြည်နယ်ရဲ့ပေးဆပ်မှုတွေကို အားလုံးအသိပဲဖြစ်ပါတယ်။ခုခံတွန်းလှန်ဖို့ဘာမှ မရှိတဲ့အနေအထားကနေ တော်လှန်ခဲ့ရာကနေ အခုဆိုရင် ပြည်တွင်းပြည်ပက ပြည်သူလူထုထောက်ခံကာ ပံ့ပိုးအားပေးမှုကြောင့် အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နိုင်တဲ့ အင်အားတွေ ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ခဲ့သလို ဆက်လက်ပြီးတော့လည်း ဝန်းရံအားပေးဖို့ တိုက်တွန်းလိုပါတယ်။

ကရင်နီပြည်ဟာဆိုရင် သမိုင်းအစဉ်အလာအရလွတ်လပ်ရေးမရခင်က သီးခြားလွတ်လပ်တဲ့ ပြည်အဖြစ်ရှိနေရာမှ ပြည်ထောင်စုစတင်ဖွဲ့စည်းချိန်မှာ လွတ်လပ်စွာတည်ရှိနေတဲ့ ပြည်အဖြစ်ဆက်လက်မရပ်တည်ပဲ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အဖြစ်သို့ ပါဝင်ခဲ့ပါတယ်။ ကရင်နီပြည်သူတွေကလည်း ပြည်ထောင်စုစိတ်ဓါတ်အပြည့်ရှိတယ်ဆိုတာကို ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ အားလုံးလိုလားနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်နိုင်သည်အထိ အတူတကွ ဆက်လက်ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါကြောင်း “ စသည့်အချက်များထည့်သွင်း ပြောကြားခဲ့သည်။

ထိုရုပ်ရှင်ပြပွဲကို Karenni Federation of Australia(KNFA) ကဦးစီးပြသခဲ့ခြင်းဖြစ်ပြီး KNFA ဥက္ကဋ္ဌ ရစ်ချက်ဌေးရယ်ကလည်း ရုပ်ရှင်ပြသရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းကာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။