Kachin IDP Fundraising Concert ဒုဝန်ကြီးတက်ရောက်
နိုဝင်ဘာ – ၃
သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၌ Kachin IDP Fundraising Concert ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက “ရန်ပုံငွေပွဲကို ပြည်ထောင်စုစိတ်ဓါတ်အပြည့်ဖြင့် ယခုလိုဝန်းရံပေးကြတာကို အထူးပင်ကျေးဇူးတင်ပါကြောင်း၊လက်ရှိအချိန်တွင်မြန်မာ တနိုင်ငံလုံး ကြည့်မည်ဆိုလျှင် စစ်ဘေးရှောင် စုစုပေါင်း ၃ သန်းခန့်ရှိနေပြီး ထိုအထဲတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်အရေအတွက်မှာ (၂) သိန်းကျော်ရှိနေပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာနဲ့ယှဉ်ပါက အမြဲတမ်းမေ့ပျောက်နိုင်ငံ ကဲ့သို့ ဖြစ်ခဲ့ရပါကြောင်း၊ အကြမ်းဖက်အာဏာ သိမ်းမှုဖြစ်စဉ်အပြီးတွင် မြန်မာ့အရေးကို နိုင်ငံတကာက ထဲထဲဝင်ဝင်လုပ်ဆောင်မည့် အခြေအနေမျိုး ဖြစ်လာသော်လည်း ယူကရိန်း−ရုရှားအရေးဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတကာ၏အာရုံစိုက်မှုသည် ၎င်းအပေါ်တွင် ဖုံးလွှမ်းသွားခဲ့ပါကြောင်း၊ ယခုအခါလည်း အစ္စရေးနှင့် ပါလက်စတိုင်း အရေးဖြစ်လာသဖြင့် နိုင်ငံတကာ၏အာရုံစိုက်မှုသည် ပိုမိုမှေးမှိန်လာသည့်အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများလုံလောက်စွာ မရရှိခဲ့သော်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်အသိအမှတ်ပြု ကူညီမှုတို့ကြောင့် နွေဦးတော်လှန်ရေးသည် ယနေ့အချိန်ထိ ထိရပ်တည်လာနိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူရပါကြောင်း၊ ဆက်လက်၍လည်း ပြည်ထောင်စုစိတ်ဓါတ်အပြည့်ဖြင့် ပြည်ထောင်စုကို အတူတကွပိုင်ဆိုင်သည့် စစ်မှန်သည့် ပြည်ထောင်စုကို တည်ဆောက်ကြရန် တိုက်တွန်းလိုကြောင်း” စသည်တို့အား အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားအား ဗစ်တိုးရီးယားပြည်နယ်ရှိ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Related Content


