လူ့အခွင့်အရေးရှေ့နေ ဒေါ်ရွက်နုအောင် အား “Ludovic Trarieux” International Human Rights Prize ချီးမြှင့်
အောက်တိုဘာ – ၁၈
အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသည့် လူ့အခွင့်အရေး ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဥရောပအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE)အဖွဲ့က နှစ်စဥ်ပေးအပ်နေသည့် Ludovic Trarieux International Human Rights Prize ) ကို ၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်လိုက်သည် ။ ဒေါ်ရွက်နုအောင်၏ လွတ်လပ်သော တရားစီရင်မှုပေါ်ထွန်းရေးကြိုးပမ်းလုပ်ဆောင်မှုများနှင့် နိုင်ငံရေး အကျဥ်းသားများ၏ တရားရေးဆိုင်ရာအခွင့်အရေးများ ရရှိရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ဤဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း ထိုအဖွဲ့အစည်းက ဆိုသည်။
အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီး တရားစွဲဆိုခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအား လိုက်လံကူညီဆောင်ရွက်ပေးမှုကြောင့် ဒေါ်ရွက်နုအောင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၅) နှစ် မတရားစီရင်ခံခဲ့ရသည် ။ ယခုအချိန်အထိ မန္တလေးဗဟိုအကျဥ်းထောင် (အိုးဘို) တွင် တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရဆဲဖြစ်သည်။
ထိုဆုပေးပွဲ အခမ်းအနားကို အီတလီနိုင်ငံ ၊ရောမမြို့တွင် ကျင်းပနေသည့် IDHAE အဖွဲ့၏ ညီလာခံနောက်ဆုံးနေ့ ( ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့ ) တွင် အထူးအစီအစဉ်အနေဖြင့် ထည့်သွင်းချီးမြှင့် သွားမည်ဖြစ်သည်။ ဒေါ်ရွက်နုအောင်သည် ဆုပေးပွဲအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် ဆုလက်ခံရယူနိုင်ခြင်း မရှိပါသောကြောင့် သူမ၏ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းက ကိုယ်စား လက်ခံရယူ ရယူသွားမည်ဖြစ်ပါသည်။
( အဆိုပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ဆက်သွယ်လိုပါက အောက်ပါအဖွဲ့အစည်းထံဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Institut des droits de l’homme des avocats européens (IDHAE) Via Emilio de’ Cavalieri, 11 – 00198 ROME Tel. 068412940 – 340.9275277)
Related Content


