ပြည်ထောင်စုဝန်ကြီး အမေရိကန် အောက်လွှတ်တော်အမတ်များ၏ Congressional Burma Caucus အခမ်းအနားသို့ပါဝင်တက်ရောက်
ဇွန်လ (၂၇) ရက်၊ ၂၀၂၄ ခုနှစ်
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ဇွန်လ (၂၇) ရက်နေ့က ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအရေးကိုစိတ်ဝင်စားသော အမေရိကန် အောက်လွှတ်တော်အမတ်များ ၏ Congressional Burma Caucus အဖွဲ့ တရားဝင်စတင်သည့် အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး နှင့်အတူ တက်ရောက်ခဲ့ပါသည်။
အဆိုပါ Congressional Burma Caucus အဖွဲ့သည် မြန်မာနိုင်ငံအရေးကို အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကြားတွင်ပိုမိုသိရှိပြီး မြန်မာပြည်သူတွေအတွက် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများဖြစ်ပေါ်စေရေးအတွက် အမေရိကန်အစိုးရ၏ ပေါ်လစီများပေါ်ထွက်လာနိုင်ရေးအတွက် တိုက်တွန်းအားပေးရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ကြောင်း Burma Caucus ၏ပူးတွဲဥက္ကဌ၊ အမေရိကန်နိုင်ငံ မီရှီကန်ပြည်နယ် ကိုယ်စားပြု၊ အောက်လွှတ်တော်အမတ် Bill Huizenga ကပြောကြားခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပါတီစုံ၊ လွှတ်တော်အမတ်များပါဝင်ခြင်းကြောင့် မြန်မာနိုင်ငံရေးကို မြန်မာနိုင်ငံပြည်သူတွေ အတွက် အကျိုးရှိသည့် ပေါ်လစီဖြစ်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ထို့ပြင် Caucus အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ အမေရိကန် အစိုးရအနေဖြင့် ပိုမိုအားကောင်းသည့် ပေါ်လစီများ ချမှတ်ကူညီဆောင်ရွက်နိုင်ရေးအတွက် အချက် (၇) ချက်ပါ တိုက်တွန်းတောင်းဆိုချက်များအား တင်ပြတောင်းဆိုခဲ့ပါသည်။
Burma Caucus ၏ ပူးတွဲဥက္ကဌ ဖြစ်သူ Bill Huzinga က လည်း ၎င်းအနေဖြင့် Bringing Real Accountability Via Enforcement In Burma (BRAVE Burma Act) ကို အမြန်ဆုံးချမှတ်နိုင်စေရေးအတွက် ကြိုးစားနေမှုများနှင့် အဆိုပါဥပဒေကြမ်းတွင် အမေရိကန်အစိုးရက မြန်မာစစ်တပ်(အကြမ်းဖက်စစ်အုပ်စု) အပေါ်ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများအား ပိုမိုထိရောက်စေရေး အတွက် ကြပ်မတ်ပေးမည့် အချက်များပါဝင်ကြောင်း၊ အဆိုပါ ဥပဒေအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ထိခိုက်စေရန်၊ သေကြေ ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများပြုလုပ် နိုင်ရေးအတွက် ပံ့ပိုးပေးနေသည့် စီးပွါးရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကိုလည်း အမေရိကန် သမ္မတ မှတဆင့် ဘဏ္ဍာရေး၊ စီပွားရေး ပိတ်ဆို့အရေးယူပေးနိုင်ရေးအတွက်တင်ပြချက်များပါဝင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အခမ်းအနားအား ကနေဒါ ပါလီမန်၊ မြန်မာ့ဒီမိုကရေစီ မိတ်ဆွေများအဖွဲ့ ၏ပူးတွဲဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ် MP Mr. Garnett Genius ကလည်းပါဝင် တက်ရောက်၍ ကနေဒါ ပါလီမန်အနေနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည့် အကြောင်းကတိပြုပြောကြားခဲ့သည်။
Related Content


