အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗစ်တိုရီးယားပြည်နယ် ပါလီမန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံ
သြစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၃၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင် ဗစ်တိုရီးယားပြည်နယ်၊ ပြည်နယ်ပါလီမန်လွှတ်တော်သို့ သွားရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်၊ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH/NUG Support Group (Australia) အဖွဲ့ဝင်များ လိုက်ပါကာ သြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ် ပါလီမန်လွှတ်တော်အမတ်များမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။
ဗစ်တိုရီးယားပြည်နယ် ပါလီမန်လွှတ်တော်အမတ်များမှ ရှေးဦးစွာ ပြည်နယ်အထက်လွှတ်တော် အောက်လွှတ်တော်များ၏ လက်ရှိ လွှတ်တော်ပါလီမန်အတွင်း တိုက်ရိုက်ဆွေးနွေးနေမှုများအား လိုက်လံပြသခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သောအဖွဲ့အား အစည်းအဝေးခန်းမအတွင်း၌ မြန်မာပြည်အရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးမှုများအနက် “လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ သြစတြေးလျနိုင်ငံ၏ မြန်မာပြည်အရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ သြစတြေးလျနိုင်ငံအတွင်း အခြေစိုက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဗစ်တိုရီးယားပြည်နယ် လွှတ်တော်အမတ်များပါဝင်မည့် မြန်မာပြည်အရေးဆောင်ရွက်မည့် အစုအဖွဲ့ ဖွဲ့စည်းမှုဆိုင်ရာ ကိစ္စရပ်များ”အား အသေးစိတ်ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် သြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ် လွှတ်တော်ပါလီမန်အတွင်းရှိ စာကြည့်တိုက်အပါအဝင် ပါလီမန်အဆောက်အဦးအတွင်း နေရာများသို့ လိုက်ပါပြသခဲ့ကာ လွှတ်တော်ပါလီမန် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။
Related Content


