သြစတေးလျနိုင်ငံ၌ ပြုလုပ်သည့် (၆၃)နှစ်မြောက် ကချင့်တော်လှန်ရေးနေ့ သို့ ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

သြစတေးလျနိုင်ငံ၌ ပြုလုပ်သည့် (၆၃)နှစ်မြောက် ကချင့်တော်လှန်ရေးနေ့ သို့ ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်

ဖေဖော်ဝါရီ – ၁၂

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို ဖေ‌ဖော်ဝါရီလ ၅ ရက် ၁၉၆၁ခုနှစ် တွင်တည်ထောင်၍ တော်လှန်ရေးကို စတင်ခဲ့ရာ ယနေ့ဆိုလျင် (၆၃) နှစ်မြောက်ခဲ့ပြီဖြစ်ပါသည်။တော်လှန်ရေးခရီးတစ်လျောက်တွင် အသက်စတေးခဲ့ကြသော ကချင်အာဇာနည်များ ကိုဂုဏ်ပြုသောအားဖြင့် ကချင့်တော်လှန်ရေးနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့၌ သြစတေးလျနိုင်ငံ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ “ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဘာကြောင့်ဆင်နွဲရသလဲဆိုတာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ဒါတွေ ဆုံးရှုံးခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ အခြေအနေအရ မဖြစ်မနေ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့ရတာ ဖြစ်တယ် ။ တော်လှန်ရေးရည်မှန်းချက်ကလည်း အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လူမှုအသိုင်းအဝိုင်းကို ရရှိနိုင်ဖို့ တစိုက်မတ်မတ် တော်လှန်တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ် ။ လက်ရှိနွေဉီးတော်လှန်ရေးကာလမှာ အစတည်းက ကချင်အမျိုးသားတွေရဲ့ ပါဝင်မှု ဉီးဆောင်မှု ကဏ္ဍာဟာ အင်မတန် ကြီးမားပါတယ်။ အခုလက်ရှိ အမျိုးသား ညီညွတ်ရေးအစိုးရကို ဉီးဆောင်နေတာဟာလည်း ကချင်အမျိုးသား တစ်ဉီးဖြစ်တဲ့ သမ္မတကြီးဒူဝါးလရှီးလ ဖြစ်တယ်။ KIO တည်ထောင်ပြီး ၁၉၆၁ ခုနှစ်ကစ အခုချိန်အထိ အသက်ပေးဆပ်သွားတဲ့ ကချင် အမျိုးသားသူရဲကောင်းအားလုံးကိုလည်း လေးစားဂုဏ်ပြုပါတယ်၊ ဗိုလ်ချုပ် အင်ပန်လှတို့ရဲ့ ပြတ်သားတဲ့ ဉီးဆောင်မှုဟာ တော်လှန်ရေးကို အများကြီးဉီးဆောင်ပေးနိုင်တာကြောင့် မိမိတို့ လေးစားအတုယူရမှာ ဖြစ်တယ်၊ ဗိုလ်ချုပ်ဂွမ်မော်ဆိုလဲ အားလုံးက လေးစားရတဲ့ ခေါင်းဆောင်တစ်ဉီး ဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ကချင်အမျိုးသားထုအတွက် အားလုံးကို လေးစားအတုယူရမှာ ဖြစ်တယ်၊ ဒါကြောင့် ဒီနေ့ တက်ရောက်လာကြတဲ့ ကချင်အမျိုးသား အပါအဝင် ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသား အားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်ရှိပါတယ်၊ နွေဉီးတော်လှန်ရေးမှာ ကချင်အမျိုးသားတွေရဲ့ ဉီးဆောင်မှုပါဝင်မှုအတူ ကျွန်တော်တို့ လိုလား တောင့်တတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ရရှိတဲ့အထိ အတူတကွ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ သြစတေးလျနိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများမှ တိုင်းရင်းသားရိုးရာဝတ်စုံများ ဝတ်ဆင်၍ တက်ရောက်ခဲ့ကြပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။